နေပြည်တော်၊ အောက်တိုဘာ ၈


ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

လုံခြုံရေးပိုင်းဆိုင်ရာဆောင်ရွက်ထားရှိမှုများ အသီးသီးရှင်းလင်းတင်ပြ

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်နယ်အလိုက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိမှု၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ ဖော်ထုတ်ရမိမှုနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှု၊ တပ်နယ်များအလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ စုပေါင်း၍ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ ဘုရား၊ စေတီများ၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်များအလိုက်၊ လမ်းမကြီးများအလိုက်ရှိ စစ်ဆေးရေးနေရာများတွင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်း ထားရှိမှု၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် လိုအပ်သည်များ ထောက်ပံ့ပေးနိုင်မှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများအား ကောက်ကွက်များအလိုက် ကောက်ယူဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီး အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အားလုံးကအတူတကွ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

လုံခြုံရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူလူထုများ အားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ အတူတကွပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများက အသိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများက လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်ကြောင်း။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှု မရှိစေရေးတို့အတွက် သက်ဆိုင်ရာပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့် နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာလျင် လုံခြုံရေးသည် ခိုင်မာ အားကောင်းနိုင်မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကတည်းကပင် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္နိမရည်မှန်းချက်အနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာများ ပြန်လည်အပ်နှင်းသွားမည်ဟု အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယင်းရည်မှန်းချက် အောင်မြင်စေရေး မိမိတို့အနေဖြင့် တစ်စိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးတွင် ရိုးသားမှုမရှိပါက ရိုးသားမှုမရှိခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစားရမည်ဖြစ်ကြောင်းကို မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များအပြင် နိုင်ငံတကာဖြစ်စဉ်များတွင်လည်း မြင်တွေ့ရမည် ဖြစ်ကြောင်း။

ပြည်သူ့လုံခြုံရေးကဏ္ဍတွင် ရဲတပ်ဖွဲ့ဝင်များ၊ တရားရေးရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက အဓိက ထိန်းကြောင်းရမည်

ဒီမိုကရေစီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၊ တရားရေးရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများက ဒီမိုကရေစီကို အဓိကထိန်းကြောင်းပေးနိုင်ကြောင်း၊ လုံခြုံရေးကဏ္ဍတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး စွမ်းရည်၊ စွမ်းအားရှိသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုကြောင်း၊ သင်တန်းကျောင်းများ၌ လေ့ကျင့်ရေးဆိုင်ရာများကို မှန်မှန်ကန်ကန်ဖြင့် လေ့ကျင့်သင်ကြားပေးရန်လိုပြီး လက်တွေ့တာဝန်ထမ်းဆောင်ရာတွင် သင်ကြားထားသည်များကို ပြန်လည်အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်က အားထားရသည့်၊ ပြည်သူကအားကိုးရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ အသိအမှတ်ပြု၍ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများနှင့် သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့သင်ကြားထားသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကဲ့သို့သော အခြေခံစည်းမျဉ်း စည်းကမ်းများမှစ၍ အများပြည်သူက လိုက်နာစေရန် ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အခြေခံစည်းကမ်းများမှအစ လိုက်နာအောင် ထိန်းသိမ်းကြပ်မတ် နိုင်မှသာလျင် မလိုလားအပ်သော အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပေါ်လာမှုကိုတားဆီး နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်မြို့တော်၏ စည်းကမ်းထိန်းသိမ်းရေးအပိုင်းကိုလည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း။

ခရိုင်အုပ်ချုပ်ရေး

ခရိုင်အုပ်ချုပ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အုပ်ချုပ်မှုကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်များကို တိုးချဲ့ ဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိရောက်စွာအသုံးချ၍ မိမိတို့တာဝန်ယူထားရသည့် မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းမှုရှိစေရေး ခရိုင်အုပ်ချုပ်ရေးမှူးများအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့နယ်နှင့် တိုင်းဒေသကြီးအကြား လိုက်လျောညီထွေဖြစ်စေရေး၊ အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ခရိုင်မှ စီမံအုပ်ချုပ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်းခရိုင်အုပ်ချုပ်ရေးမှူးများ အနေဖြင့် တာဝန်ရှိပြီး မိမိတို့တာဝန်ယူရသည့် မြို့နယ်များ၏ အချက်အလက်များ၊ ဖြစ်ပေါ်ပြောင်းလဲ နေမှုများကို အမြဲမပြတ် သိရှိနေရမည်ဖြစ်ကာ လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုဖြစ်ပေါ်လာမည့် အခြေအနေများကို သုံးသပ်တွက်ချက်နေရမည်ဖြစ်ကြောင်း၊ ထို့ပြင်မြို့နယ်များအလိုက် တရားဥပဒေ စိုးမိုးရေး၊ နေထိုင်မှုများစည်းကမ်းစနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာလှပရေးတို့ အတွက်လည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ရန်ကုန်မြို့သည် အလုပ်အကိုင်များပြားပြီး ဒေသတွင်း နေထိုင်လုပ်ကိုင်သူများ၊ နယ်မြို့များမှ လာရောက်လုပ်ကိုင်သူများ များပြားသည့်အတွက် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ ယာဉ်စီးနင်းမောင်းနှင်မှုများကိုလည်း စည်းကမ်းစနစ်တကျ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်း။

ထို့ပြင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းမည်ဆိုပါက ပညာတတ်များ ပေါကြွယ်ဝရေးသည် အဓိကအရေးကြီးသည်ဖြစ်သဖြင့် မိမိတို့တာဝန် ယူ ထားရသည့် ခရိုင်အတွင်း ကျောင်းနေရာခိုင်နှုန်း မြင့်မားစေရေး၊ ပညာတတ်များ ပေါကြွယ်ဝရေးအတွက်လည်း ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ခရိုင်အလိုက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိသည့် စီးပွားရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း။

မကြာမီပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် တစ်ဦးချင်းကိုယ်လက် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး၊ အဖွဲ့လိုက် အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်ရေးအတွက်လည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ပြည်သူလူထုတို့အနေဖြင့် အန္တရာယ်ကင်းစွာဖြင့် ကိုယ်လက် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုများမှ ကျန်းမာမည်ဖြစ်ပြီး ကျန်းမာမှသာလျင် အလုပ်လုပ်နိုင်မည်၊ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ခရိုင်အလိုက်ရှိ ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိစေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများက တတ်နိုင်သရွေ့ အကောင်အထည်ဖော် ဖန်တီးပေးနိုင်ရန်လိုကြောင်း။

အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် နေရာဒေသအလိုက် တာဝန်ထမ်းဆောင်ရာတွင် မှတ်ကျောက်တစ်ခုစိုက်ထူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အများပြည်သူမှ အသိအမှတ်ပြုရလောက်သည့် အုပ်ချုပ်မှုသမိုင်းကြောင်းကို ထားရှိနိုင်ခဲ့ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနည်းနာများကို သိရှိနားလည်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် နေရာများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးနည်းစနစ်များကို အမြဲမပြတ်လေ့လာသိရှိ နားလည်နေမှသာလျှင် တာဝန်များကို ကျေပွန်ကောင်းမွန်စွာ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ဗဟုသုတစာပေများကိုလည်း အမြဲလေ့လာနေရန်လိုကြောင်း၊ စာကောင်းပေမွန်များဖတ်ရှုလေ့လာပြီး ၎င်းစာများ၏ အရသာကို သိသွားပါက မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည့် နည်းလမ်းကိုလည်း ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် မြို့နယ်အလိုက်၊ ခရိုင်အလိုက် ကျက်သရေမင်္ဂလာရှိစေရေး ဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့၏တာဝန်များကို ရိုးရိုးသားသားမှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အနှစ်သာရကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်၍ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်းမှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်