နေပြည်တော် ၃၀ နိုဝင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ကျွန်းတော ကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်မြို့အဖျောက် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ် အားခွဲရုံများ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မကြာမီကျင်းပတော့မည့် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု (၅၀)ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံ များဖြစ်သည့် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံများအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
ယခုအစိုးရလက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား (၉၀၄) မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ပေးခြင်း ဖြင့်လည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများကို ကေဗွီ ၂၃၀ မှ ၅၀ဝ သို့ တိုးချဲ့တည်ဆောက်၍ နိုင်ငံတော် ဓာတ်အားစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်တွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ဗို့ ၄၀ဝ ဓာတ်အားလိုင်းနှင့် ခွဲရုံများ စုစုပေါင်း မိုင် ၁၉၆၀ဝ ကျော်နှင့် ၁၂၆၃၆ အမ်ဗွီအေအား ၂၀၁၆ ခုနှစ်မှစတင်၍ ၃ နှစ်ခွဲကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားစနစ်မှတိုးချဲ့၍ ကျေးလက်မီးလင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာစုစုပေါင်း (၁၆၉၄၁) ကျော် ဓာတ်အားရရှိပြီးဖြစ်ကာ မကြာမီကာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။
ဆက်လက်၍လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ (၂)မိုင်အတွင်းရှိ ကျေးရွာများ ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံး ၂၀၂၀ ပြည့် နှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် (၃၇၉၈) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုသည် (၁၅၄၈) မဂ္ဂါဝပ်ခန့်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိပါကြောင်း။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် (Demand) ကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ အလုံဓာတ်အားပေးစက်ရုံစီမံကိန်း (၁၅၁)မဂ္ဂါဝပ် (Combined Circle Power Plant) သန်လျင် LNG သုံးဓာတ်အားပေး စက်ရုံစီမံကိန်း (၃၅၀) မဂ္ဂါဝပ်နှင့် သာကေတ LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၄၀ဝ) မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မေလခန့်တွင် ပြီးစီးနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် ခွဲရုံများကြောင့် မှော်ဘီမြို့နယ်တွင် အိမ်ထောင်စု (၄၂၆၆၈)စု ရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း (၁၄)ရွာ၊ အိမ်ထောင်စု (၁၅၂၀)စုအား ဓာတ်အားစနစ်မှ တည်ငြိမ်သောလျှပ်စစ်ဓာတ်အားဖြင့် ထပ်မံသုံးစွဲခွင့်ရရှိသွားမည် ဖြစ်ပါကြောင်း၊ အလားတူ ဥက္ကံမြို့တွင်လည်းအိမ်ထောင်စု (၁၉၅၉၇) စုရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း (၅၀) အိမ်ထောင်စု (၃၈၀၃) စု ဓာတ်အားစနစ်မှ ထပ်မံဓာတ်အားသုံးစွဲခွင့်ရရှိသွား မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် အဖျောက်မြို့တွင်လည်း အိမ်ထောင်စု (၈၈၇၁) စုရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း (၂) ရွာ အိမ်ထောင်စု (၂၅၄) စု ဓာတ်အားစနစ်မှ ထပ်မံဓာတ်အား သုံးစွဲခွင့်ရရှိသွားမည် ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်မှငွေကျပ် သန်း (၂၈၉၀) ခန့်ကုန်ကျခဲ့ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံများမှတစ်ဆင့် အနီးဝန်းကျင်ဒေသရှိ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းအောင် လျှပ်စစ်ဓာတ်အားကို ပိုမိုဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အားကို ဒေသတစ်ဝန်း သုံးစွဲနိုင်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘဝများသည်လည်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါကြောင်း။
ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် တိုးချဲ့ဓာတ်အားပေးမည့် ကျေးရွာများသာမက အနီးပတ်ဝန်းကျင်ဒေသရှိ မြို့နှင့်ကျေးရွာများသည်လည်း ဗို့အားပြည့်ဝစွာအသုံးပြု နိုင်မည်ဖြစ်သည့်အပြင် ဓာတ်အားလိုင်းများ၏ Lossessများကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံး စွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ပြည်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မှော်ဘီမြို့နယ်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့် တပ်ကြီးကုန်းကျေးရွာ ရပ်မိရပ်ဖဦးကိုကြီး တို့ကဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။
ယင်းနောက် 33/11 kV, 5 MVA တပ်ကြီးကုန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ အမှတ်(၂) လွှတ်တော်ကိုယ်စား လှယ်ဦးသန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ဆက်လက်၍ 33/11 kV, 5 MVA တပ်ကြီးကုန်းဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကမ္ပည်း ကျောက်စာမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ 33/11 kV, 5 MVA ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားမုခ်ဦးများအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်အားခွဲရုံများ၏ ကမ္ပည်းကျောက်စာ မော်ကွန်းများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဓာတ်အားခွဲရုံများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်