ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၇) မြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းစတင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ၁၇   ဖေဖော်ဝါရီ 

 

“ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်(၇)မြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်းအစုလိုက်ထိုးနှံခြင်း လုပ်ငန်း စတင်ခြင်းအခမ်းအနား”ကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် ဒေသန္တရကျန်းမာရေးဌာနခွဲ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာ၌ ဝက်သက်ရောဂါသည် အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားပါက အထူးသဖြင့် အာဟာရ ချို့တဲ့သည့် ကလေးငယ်များတွင် ရောဂါ၏ပြင်းထန်သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ခြင်း၊ ရောဂါကြောင့် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုများကျဆင်းနိုင်ခြင်း တို့အပြင် အသက်သေဆုံးနိုင်သည်အထိဖြစ်နိုင်ပါကြောင်း၊ ရောဂါကို ကာကွယ်ဆေးထိုး နှံထားခြင်းဖြင့်သာကာကွယ်နိုင်ပါကြောင်း၊ ယခုကဲ့သို့ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို အချိန်တိုအတွင်း ဘက်ပေါင်းစုံမှ စနစ် တကျစီမံချက်ရေးဆွဲဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ဝိုင်းဝန်းဆောင်ရွက်ကြသူများ အားလုံး ကို ကျေးဇူးတင်ရှိအသိအမှတ်ပြုပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၇)မြို့နယ်မှ ကလေးငယ် (၆)သိန်းခန့်အတွက် ယခု ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းအစုလိုက်ထိုးနှံရန်အတွက် နိုင်ငံတော်မှ ကုန်ကျစရိတ်စုစုပေါင်း၏ (၈၄)ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ (၅၆၀ဝ၀ဝ)ကျော်နှင့် Gavi အဖွဲ့မှ ကျန် (၁၆)ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၀၇၀ဝ၀) ကျော် အကုန်အကျခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများ လုံလောက်စွာရရှိစေရန် ပံ့ပိုးဆောင်ရွက်ပေးခဲ့သော Gavi အဖွဲ့နှင့် Unicef အဖွဲ့တို့ကို လည်း ကျေးဇူးတင်ရှိပါကြောင်း။

 

ကလေးငယ်များအားကာကွယ်ဆေးထိုးနှံရာတွင် ဗီတာမင်အေ ဆေးတိုက်ကျွေး ခြင်း၊ မိခင်များအတွက် သံဓာတ်အားဆေးများ ပေးအပ်ခြင်း တို့ကိုပါ ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ နှီးနွယ်ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံးမှ ကဏ္ဍစုံ၊ အဖွဲ့အစည်းစုံ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံမှု ဆောင်ရွက်နေသည့် အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးနှင့် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ ကာကွယ်ဆေးထိုးစုရပ်တို့၌ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်အတူ ကျန်းမာရေးအသိပညာပေး နေမှုများ ကိုလှည့်လည်ကြည့်ရှုကာ ကာကွယ်ဆေးလာ ရောက်ထိုးနှံခဲ့သည့် ကလေးငယ် များကို အမှတ်တရလက်ဆောင်များပေးအပ်သည်။ 

 

DSC_1

 

ယခုအခါ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်း ဒေသကြီး၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ဒဂုံမြို့သစ် (တောင်ပိုင်း)၊ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့်အင်းစိန်စုစုပေါင်းမြို့နယ် (၇)မြို့နယ်တွင် အသက် (၉)လမှ (၁၅)နှစ်အောက် ကလေးလူငယ်များကို ဝက်သက်-ဂျိုက်သိုးရောဂါအပိုဆောင်း အစုလိုက် ထိုးနှံပေးခြင်း လုပ်ငန်းများအား ဖေဖော်ဝါရီ(၁၇)ရက်မှ (၂၈)ရက်အထိ နေ့စဉ်နံနက် (၈)နာရီမှ ညနေ (၄)နာရီ အထိ ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သော “ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်းအခမ်းအနား” သို့တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို သင်တန်းများ အကြိမ်ကြိမ်ပေး၍ ပြင်ဆင်ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးနိုင်လင်း ဦးနှင့် တိုက်ကြီးမြို့နယ်၊ မြောင်းတကာကျေးလက်ကျန်းမာရေးဌာနမှ သားဖွား ဆရာမ ဒေါ်ဖြူဖြူသက်တို့က ကျန်းမာရေးဌာနများတွင် ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေး စမ်းသပ်ကုသမှုဆေးပေးခန်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆေးတက္ကသိုလ် (၁)မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာရဲတင့်လွင် က “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားကြသည်။

 

လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားအချက်အလက်များမှာလည်း အထူးအရေးကြီးပါကြောင်း၊ ရောဂါဖြစ်ပွားမှု အရေအတွက်၊ အခြေအနေများကို သိရှိခြင်း ဖြင့် ဆေးနှင့် ဆေးပစ္စည်းများကို ချိန်သားကျတွက်ချက်ဝယ်ယူနိုင်ခြင်း၊ လိုအပ်သည့် သင်တန်းများလုပ်ဆောင်နိုင်ခြင်း စသည်တို့ကိုဆောင်ရွက်သွား နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရေး အတွက် ပါမောက္ခကြီးများ၊ ကျွမ်းကျင်ပညာရှင်ကြီးများအနေဖြင့် အကြံဉာဏ်များလည်းပေးအပ်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာကိုကိုတို့မှ ဆီးချိုနှင့်သွေးတိုးရောဂါစစ်ဆေးကု သမှုဆေးပေးခန်း များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။    

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေမေးမြန်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)

 

DSC_1570