ရန်ကုန် ဖေဖော်ဝါရီ ၁၅
ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စည်ပင်သာယာရေးရုံးဘေး(မြန္ဒာပန်းခြံ)၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံဝင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ အောင်မြေသာယာအားကစားဝင်း၊ တွံတေး-ဒလ-လှိုင်သာယာ ဘုရားငုတ်တိုလမ်းဆုံ၊ သန်လျင်မြို့နယ် ငြိမ်းချမ်းကွင်းနှင့် ကျောက်တံတားမြို့နယ်၊ ဆူးလေယာဉ်ရပ်နားကွင်း၌ အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ်နေရာအသီးသီးတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေအား အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေး တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်စို့။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် တစ်မျိုးသားလုံး စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်။ တစ်မျိုးသားလုံး ကျန်းမားကြံ့ခိုင်ပြီး စစ်ပညာတက်မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေဖို့ စစ်ပညာသင်ကြစို့။” အစရှိသည့် ပိုစတာများ ကိုင်ဆောင်ပြီး ကွင်းအတွင်းနေရာယူကြကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များကို အမျိုးသားရေးအင်အားစုမှ တာဝန်ရှိသူများက ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲသို့ တက်ရောက်လာကြသူများက ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ရေး၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်းဆောင်ရေး၊ နိုင်ငံတော်အား ပြည်တွင်း/ပြည်ပ ရန်စွယ်များမှ ကာကွယ်ရေး၊ တစ်မျိုးသားလုံး စစ်ပညာရေးသင်ကြားရေး၊ နိုင်ငံတော် လုံခြုံရေးအတွက် တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ်မြောက်ရေး အစရှိသည့် ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်ကြပြီး ဇာတိမာန်သီချင်း သီဆိုကာ သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက် ဆန္ဒထုတ်ဖော်ကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)