မင်္ဂလာဒုံ၊ ၂၄ ဇန်နဝါရီ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရပ်ကွက်နေ စေတနာရှင် ပြည်သူများက စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၀ယ်ယူနိုင်ရေးအတွက် စု ပေါင်းထည့်ဝင်ငွေ ကျပ် ၂၈ သိန်း လှူဒါန်းပွဲကို ထောက်ကြန့်သပြေညို ပညာဒါနအကျိုးဆောင်အသင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီ က ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်ထိန်းချုပ် ရေးစည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ကျင်းပခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲ၌ မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်ပဲခူးကားလမ်း ရပ်ကွက်တွင် နေထိုင်ကြသော ဦးမောင်စန်း မိသားစုနှင့် ဒေါ်စနိုးမိသားစုပေါင်း၍ ငွေကျပ်သိန်း ၂၀ ၊ ဦး၀င်းခိုင်+ဒေါ်ခက်ခက်လှိုင် (ကောင်းကောင်းမြန်မာထမင်းဆိုင်) မိသားစုက ငွေကျပ် (၅)သိန်း၊ ထောက်ကြန့် တိုးချဲ့ရပ်ကွက်နေဦးမျိုးသွင် +ဒေါ်ဌေးဌေးဝေ သားမောင်အောင်အောင်ဦး (ပျိုမေကြိုက်-ကွန်ပျုတာပန်းထိုးလုပ်ငန်း)မိသားစု က ငွေကျပ်(၃)သိန်း စုစုပေါင်းလှူဒါန်း ငွေကျပ် ၂၈ သိန်းကို ထောက်ကြန့် သပြေညို ပညာဒါန အကျိုးဆောင်အသင်းဥက္ကဌ ဦးတင်ညွန့် နှင့် ဒုတိယ ဥက္ကဌဦးခင်စိုး၊ အတွင်းရေးမှူး ဦးနေဆန်းတို့က လက်ခံယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ ကြသည်။
"ကျွန်တော်တို့အနေနဲ့ က မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် တဆင့်လက်ခံပေးတာပါ၊ ကျွန်တော်တို့ဒီကနေ့ လက်ခံရရှိတဲ့အလှူငွေ က ကိုဗစ်-၁၉ ကော်မတီ ကို ဒီကနေ့ပဲ သွားရောက်ပို့ဆောင်ပြီး အပ်နှံပေးရမှာပါ" ဟု သပြေညို ပညာဒါန အကျိုးဆောင်အသင်းဥက္ကဌ ဦးတင်ညွန့်ကပြောသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


