ရန်ကုန် ၁၃ ဇွန်


    
ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး မဏ္ဍိုင် (၄) ရပ် တွေ့ဆုံပွဲတွင် မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရလက်အောက်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအနေဖြင့် အခွင့်အခါအလျောက် သတင်းစာရှင်းလင်းပွဲများနှင့် ပွင့်လင်းမြင်သာစွာ မီဒီယာချပြရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနိုင်ရေး အထူးဆွေးနွေးတင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်)က ပြောကြားသည်။ 


    
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ပူးမားဟိုတယ် Grand Center Point Ballroom ၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲ အကြိုညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့သည်။ 


    
“တိုင်းဒေသကြီး အစိုးရအပါအဝင် မဏ္ဍိုင်ကြီး (၄) ရပ် လေးရပ်တွေ့ဆုံပွဲမှာ အဓိကပြည်သူများ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ အခွင့်အခါသင့်ရင် သင့်သလို မီဒီယာရှင်းလင်းပွဲတွေ ကျင်းပပေးဖို့ အဓိက တောင်းဆိုမှာပါ။ အရင်ခေတ်ကတောင် အခုလို မီဒီယာရှင်း လင်းပွဲတွေကို သူ့သက်ဆိုင်ရာဌာနတွေအနေနဲ့ တစ်ပတ်တစ်ခါ၊ ၁၅ ရက်တစ်ခါ လုပ်တာတွေ ရှိခဲ့တယ်။ ခုနောက်ပိုင်း အဲဒီလို ရှင်းလင်းပွဲတွေလည်းပျောက်၊ ပြောရေးဆိုခွင့်ရှိသူတွေလည်း မထားတော့ မီဒီယာ အမှောင်ချသလို ဖြစ်နေတယ်။ ဒါတွေကို ကျွန်တော်တို့ မီဒီယာတွေအနေနဲ့ အဓိကထား တင်ပြဆွေးနွေး သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။ 


    
ရန်ကုန်တိုင်းဒေသကြီး မဏ္ဍိုင်လေး ရပ်တွေ့ဆုံပွဲကို ဇွန် ၁၄ ရက်(ယနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပူးမားဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဥပဒေပြုရေးမဏ္ဍိုင်မှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ တရားစီရင်ရေးမဏ္ဍိုင်မှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မီဒီယာကဏ္ဍမှ တာဝန်ရှိ သူများတက်ရောက်ကြမည်ဖြစ်သည်။ 


    
အဆိုပါ မဏ္ဍိုင်ကြီး လေးရပ်တွေ့ဆုံပွဲတွင် မီဒီယာများအနေဖြင့် ကဏ္ဍအလိုက် ပြည်သူများ သိသင့်သိ ထိုက်သော အချက်များဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုငိ် စသည်တို့နှင့် ပတ်သက်၍ လည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အချက်များကို ပွင့်လင်းမြင်သာစွာ မီဒီယာများမှတစ်ဆင့် ကြားသိနိုင်ရေး အထူးဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်း- မိုးမြင့်စံ ၊ ဓာတ်ပုံ- မင်းထက်