နေပြည်တော် ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြားများ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးသို့ ရောက်ရှိလာသည့် သန်းစိုး၊ မောင်ရွှေသန်း (ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး (ခ) နာယက၊ နှစ်ဦးမောင် (ခ) ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး (ခ) လင်းချေ၊ မောင်ရွှေသိန်း နှင့် နေဇော်လတ်တို့ ရှစ်ဦးအား ထိန်းသိမ်းရှာဖွေခဲ့ရာ TOYOTA SUCCEED မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိ နေအိမ်မှ မစောခင်ကျော် (ခ) စောခင်အား စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းမိတရားခံ သန်းစိုးငှားရမ်းနေထိုင်သည့် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်းအားလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၃)၊ ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ်တစ်စီးအားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိတရားခံများအနက် မောင်ရွှေသန်း (ခ) ကျော်သန်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅ သိန်း ဖမ်းဆီးရမိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်း ဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေး တစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
သတင်းစဉ်