ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စေတနာရှင် ပြည်သူများစုပေါင်းကာ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းသည့် “ပြည်သူမှ ပြည်သူသို့မျှဝေခြင်း” အစီအစဉ်ကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၌ ပြုလုပ်သည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် အဆိုပါမြို့ရပ်ကွက်ရှိ မာဃလမ်း၊ စိုက်ပျိုးရေးလမ်း၊ သီတာလမ်းတို့ရှိ အိမ်ထောင်စု များအနက်မှ အိမ်ထောင်စု ၄၃၀ အား အိမ်ထောင်စု တစ်စုလျင် ငွေကျပ် ၁၅၀၀၀ ခန့်တန်ဖိုးရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန် ငါးမျိုးကို ထောက်ပံ့လှူဒါန်းသည်။
လှူဒါန်းမှုနှင့်ပတ်သက်၍ အဆိုပါအလှူအား ဦးဆောင်လှူဒါန်းသူ ဆရာမ မသီတာက “ကိုဗစ်-၁၉ ရောဂါကာလမှာ ၁၀ ကြိမ်မြောက် လှူဒါန်းမှုဖြစ်ပါတယ်။ စားသောက်ရေးအတွက် အမှန်တကယ် လိုအပ်တဲ့သူတွေကို အဓိကထားပြီး လှူတာပါ။ ဝမ်းရေးအတွက် အခက်အခဲဖြစ်နေသူတွေအတွက် အထောက်အကူရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာမရဲ့မိတ်ဆွေတွေနဲ့ ပြည်ပရောက် တပည့်တွေရဲ့လှူဒါန်းမှုအရ ပြည်သူတစ်ဦးအနေနဲ့ အခုလို ဆောင်ရွက်ခွင့်ရတဲ့ အတွက်ဝမ်းသာပါတယ်” ဟု ပြောပြသည်။
အဆိုပါ အစီအစဉ်ကို ပြည်ပရောက် မြန်မာနိုင်ငံသားစေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် မတည်ဆောင်ရွက်ခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလတွင် အခြေခံလူတန်းစား ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ထိုသို့လှူဒါန်းမှုအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက်တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၇) ရပ်ကွက်တွင်လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် ၁၂၄၊ ၁၂၅ ရပ်ကွက်တို့တွင်လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်တွင်လည်းကောင်း ထောက်ပံ့ လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


