ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇)လမ်းမကြီး အနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ (၄)၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက်  MCEFနှင့် MLCAတို့ အနေဖြင့် ဆောင်ရွက် ဆဲလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အမြန်ဆုံးပြီးစီး နိုင်သည့် အဆောက်အဦများကို ပြီးစီးပါက လူနေထိုင်နိုင်ရေး နေရာချထားရန် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်နိုင်၊ MCEF နှင့် MLCA တို့မှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယခုတည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှာ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများနေရေး ဖြေရှင်းပေးနိုင်ရန်အတွက် အခန်း ၁၀၀၀၀ စီမံကိန်းဆောင်ရွက်ရန် မူဝါဒအရ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၇၀၄ ခန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ၆၂၈၈ ခန်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ၃၀၀၈ ခန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်း (ရန်ကုန်)သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းဆုံမှ သရက်ပင် ချောင်း ရွာသွားလမ်းရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး Phase 1 အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်း ကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်