ရန်ကုန် ဩဂုတ် ၂၈
ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းဖြင့် ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စည်များ လုံခြုံချောမွေ့စွာ လိုရာခရီးသို့ သယ်ယူပို့ဆောင်နိုင်ရေး ဝန်ဆောင်မှုပေးနိုင်ရန်၊ ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်လုပ်သားများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလုပ်ဆောင်နိုင်စေရန်၊ ရေယာဉ်ဆိုက်ကပ်သည့် ဆိပ်ကမ်းနေရာများ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်၊ ရေယာဉ်စည်းကမ်း၊ ရေကြောင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကာ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်အား အသုံးပြုလျက် သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် စက်တပ်သမ္ဗာန်ရေယာဉ် မောင်းနှင်သူများအား စနစ်တကျ မှတ်ပုံတင်ထုတ်ပေးရေးနှင့် သမ္ဗာန်ရေယာဉ်ပြေးဆွဲရေး၊ သမ္ဗာန်ရေယာဉ်ဂိတ်များဖွဲ့စည်းမှု၊ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားရှိသည့် မြင်းကောင်ရေ (၂၀)အောက် စက်တပ်သမ္ဗာန် (၅၃၇)စီးရှိရာ သမ္ဗာန်ရေယာဉ်ဂိတ် (၇)ဂိတ်ဖြစ်သည့် ဆိပ်ကြီးရေယာဉ်ဂိတ်တွင် (၆၀)စီး၊ စက်ဆန်းရေယာဉ်ဂိတ်တွင် (၉၂)စီး၊ အောက်ရုံရေယာဉ်ဂိတ်တွင် (၈၈)စီး၊ အလတ်ချောင်း ရေယာဉ်ဂိတ်တွင် (၁၀၃)စီး၊ အေးရွာအရှေ့ ရေယာဉ်ဂိတ်တွင် (၅၄)စီး၊ ဘလုတ်ညွန့်ရေယာဉ်ဂိတ်တွင် (၇၄)စီး၊ စက်ကလေးရေယာဉ်ဂိတ်တွင် (၆၆)စီးဖြင့် အသီးသီးပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


