ရန်ကုန် ၉ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များကို ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ထုတ်ပြန်ကြေညာသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့် က ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ ဝင်ရောက်အရွေးခံသည့် ပြည်သူလွှတ်တော်၊ တိုင်းဒေသကြီး(၁)နှင့် တိုင်းဒေသကြီး (၂) နေရာတို့မှ ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒမဲရလဒ်များကို ထုတ်ပြန်ကြေညာသည်။
“ ပထမဆုံးအနေနဲ့ ဆန္ဒမဲအတည်ဖြစ်တဲ့ လသာမြို့နယ်နဲ့ ပတ်သက်ပြီး ကြေညာပါမယ်။ ပြည်သူ့လွှတ်တော်နေရာ တိုင်းဒေသကြီး(၁)နေရာနဲ့ တိုင်းဒေသကြီး(၂)နေရာ စုစုပေါင်း ၃ နေရာအတွက် ကြေညာပါမယ်။ အမျိုးသား လွှတ်တော်နဲ့ တိုင်းရင်းသားနေရာအတွက် မကြေညာသေးပါဘူး။ အမျိုးသားလွှတ်တော်က လူဦးရေကို အခြေခံပြီး သုံးလေးမြို့နယ်ပေါင်းပြီးမှ ရောက်ရှိလာတဲ့ မဲရလဒ်အပေါ် မူတည်ပြီးတော့ ကြေညာရမှာဖြစ်ပါတယ်။ မြို့နယ် မစုံသေးတဲ့အတွက် အမျိုးသားလွှတ်တော်နေရာအတွက် မကြေညာနိုင်သေးပါဘူး။ နောက်တစ်ခုက တိုင်းရင်းသား နေရာအတွက်လည်း ရန်ကုန်တိုင်းတစ်တိုင်းလုံးနဲ့ သက်ဆိုင်တဲ့အတွက် အားလုံးရောက်ရှိမှ ကြေညာနိုင်မှာ ဖြစ်ပါတယ်” ဟု ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲရလဒ်များကို ယနေ့ ညနေ ၃နာရီ ၄၅ မိနစ်တစ်ကြိမ်၊ ညနေ ၆ နာရီတွင်တစ်ကြိမ်၊ ည ၉ နာရီတွင်တစ်ကြိမ်၊ ည ၁၂ နာရီ တစ်ကြိမ် ကြေညာပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဆန္ဒမဲ ရလဒ်များကို နောက်ရက်များတွင် ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်မိုးကြည် က “ ဒီနေ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရရှိတဲ့ဆန္ဒမဲရလဒ်တွေကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ကြိုတင်မဲနဲ့ပေါင်းပြီး စုစုပေါင်းရတဲ့မဲတွေကို စုစည်းပြီးတော့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ကို ပို့ပါတယ်။ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ကနေ မြို့နယ်အလိုက်ပေးပို့လာတဲ့ ဆန္ဒမဲတွေကို စိစစ် အတည်ပြုပြီးရင် ထုတ်ပြန်ကြေညာပေး သွားပါမယ် ” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၆၁ သိန်းကျော်ရှိပြီး ကြိုတင်ဆန္ဒမဲပေး သူဦးရေ ရှစ်သိန်း ကျော်ရှိကြောင်း၊ ပါတီပေါင်း ၄၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ၃၂ ဦးတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၁ ဦးက ပြည်သူလွှတ်တော် ၄၅ နေရာ၊ အမျိုးသားလွတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၉၀ နှင့် တိုင်းရင်းသား ၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
(သတင်း- မင်းသစ်(MNA)/ ဓာတ်ပုံ - ရဲထွဋ် )


