ရန်ကုန် ဖေဖော်ဝါရီ ၂၄

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး အဖွင့် အမှာစကားပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို အတည်ပြု ပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းမှာ အထည်ချုပ် လုပ်ငန်းများတွင် အသုံးပြုသော Polyester အမျိုးမျိုး၊ Synthetic Fabrics and Lining Materials ထုတ်လုပ် ၍ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချခြင်းလုပ်ငန်း ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၂၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်မည့်လုပ်ငန်းနှစ်ခုအပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့်အာကာသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီ ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြန်မာအာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ၊ တက်ရောက်လာသူများက ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာအဆင့် အာကာသ(ပန်းချီ၊ ကာတွန်း၊ ပိုစတာ) နွေရာသီပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)