ရန်ကုန် ၂ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ယခုဘဏ္ဍာနှစ် တစ်လအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၆၃ သန်းနှင့် မြန်မာကျပ်ငွေ ၂၀၄၅ သန်း ရရှိထားကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုကို အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၀၀၀ ခန့်ဖန်တီးပေးနိုင်ကြောင်း သိရသည်။
ထို့ပြင် ယခင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှလည်း ယခုဘဏ္ဍာနှစ် တစ်လအတွင်း စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄၄ သန်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဝင်ရောက်ခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၄၀၀ ကို ထပ်တိုးဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ယာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် တရုတ်၊ ဂျပန်၊ စကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်၊ British Virgin Islands၊ Samoa ၊ ကိုရီးယား၊ ဆေးရှယ်(လ်)၊ ဗီယက်နာမ်၊ ထိုင်း၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၉ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၁ ခုကို အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၂၅၀ ဒသမ ၂၅၁ သန်းနှင့် မြန်မာကျပ်ငွေ ၃၆၅၈၄ ဒသမ ၀၁၁ သန်းရရှိခဲ့ကာ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၃၄၂၇ ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယခင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှလည်း စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၅၈ သန်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဝင်ရောက်ခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၃၇၃ ကို ထပ်တိုးဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အတည်ပြုမိန့် လျှောက်ထားလွှာများကို ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ စိမ်းလဲ့မေလမ်းသွယ်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဉီးစီးမှူးရုံး၊ ဖုန်းနံပါတ် ၀၁- ၆၅၈၂၆၃ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရသည်။
Nyein Nyein


