၂၈ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၀ ကို လာမည့် ဖေဖော်ဝါရီလထဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၀ ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

"ဒီဖိုရမ်က တတိယအကြိမ်ဖြစ်ပါတယ်၊ ဖိုရမ်ရဲ့ အဓိကအချက်ကတော့ Manufacturing Sector (ကုန်ထုတ်လုပ်မှုကဏ္ဍ)ကို Promotion လုပ်မှာဖြစ်ပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

ထိုသို့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဒေသများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဖော်ထုတ်ပြသခြင်းဖြစ်ပြီး ဖိုရမ်မှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်နှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲများကို ကျင်းပသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၀ ကို လာမည့် မတ်လထဲ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့ ပူးပေါင်း၍ပဲခူးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၂၀ ကို လာမည့် မေလထဲ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၂၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြုပေးခဲ့သည့် လုပ်ငန်းပေါင်း (၁၀ဝ)ရှိပြီး ယခင်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း