နေပြည်တော်၊ မတ်လ ၂၈ ရက်

 

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး ခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီ သိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်လျက်ရှိသော ကျော်ဇင် (ခ) ကိုကျော် (၄၁) နှစ် အား ရွှေပေါက္ကံမြို့သစ်၊ (၁၉) ရပ်ကွက်၌ DJI အမျိုးအစား ဒရုန်း တစ်စင်း၊ ၉ မမကျည်အတောင့် ၆၀ ၊  လက်ပစ်ဗုံး နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ ကျော်ဇင်(ခ)ကိုကျော် ၏ ထွက်ဆိုချက်အရ နေ့လည်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ (၁၄)ရပ်ကွက်၌ ချစ်သက်ဦး(၃၁)နှစ်အား ဖမ်းဆီးရမိခဲ့သည့်အပြင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ဉာဏရပ်ကွက်၌ လက်လုပ် သေနတ်နှင့်မိုင်းများ ပြုလုပ်လျက်ရှိကြောင်းသိရှိရသဖြင့် နေ့လည်ပိုင်းတွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ဉာဏ်ထွန်းအောင်(ခ)လုံးလုံး(၂၂)နှစ်၊ မျိုးသီဟဇော် (၂၉)နှစ်၊ ချမ်းထက်အောင်(၂၃)နှစ် တို့ ၃ ဦးအား လုပ်လက်စ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၈ ခု၊ ၉ မမ ကျည် ၃၅ တောင့်၊ လက်လုပ် သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ဆက်စပ်တရားခံများဖြစ်သည့် ထွေးထွေးအောင် (၃၁) နှစ်အား တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၌ လည်းကောင်း၊  ဖြိုးသူစိုး (ခ) ဂျက်လီ (၂၅) နှစ်၊ နေလင်းဦး (၂၆) နှစ်တို့ နှစ်ဦးတို့အား မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၌ လည်းကောင်း၊ မတ်လ ၂၃ ရက်တွင် နိုင်ဝင်းထူး (၂၉) နှစ်အား မြောက်ဥက္ကလာပ မြို့နယ်၊ (ဆ) ရပ်ကွက်၌လည်းကောင်း၊ အောင်ကိုကိုခန့် (၂၈) နှစ်အား တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် တရားခံ အမျိုးသား ကိုးဦး၊ အမျိုးသမီး တစ်ဦး၊ ပေါင်း ၁၀ ဦး တို့အား DJI အမျိုးအစား ဒရုန်း တစ်စင်း၊ လက်ပစ်ဗုံး နှစ်လုံး၊ ၊ ၉ မမကျည် ၉၅ တောင့်၊ လုပ်လက်စ လက်လုပ်သေနတ် နှစ်လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ရှစ်ခု၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ မေလခန့်တွင် ဖြိုးသူစိုး (ခ) ဂျက်လီသည် KNU တပ်မဟာ (၃) နယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား တက်ရောက်ခဲ့ပြီး ဇူလိုင်လတွင် မြောက်ဥက္ကလာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ကျော်ဇင် (ခ) ကိုကျော် ဦးဆောင်၍ ဖြိုးသူစိုး (ခ) ဂျက်လီ၊ ချစ်သက်ဦး၊ နေလင်းဦး၊ နိုင်ဝင်းထူး၊ ဘုန်းကျော်၊ ဇေယျာထွန်းနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကိုဇေ (ခ) ကျော်ဇေယျ၊ ကျော်ကို၊ ကျော်ကျော်မိုး၊ ဇော်ကြီး၊ ပြည့်ဖြိုးကို၊ သားကြီး တို့ဖြင့်  ဖွဲ့စည်းခဲ့ကြောင်း၊  ထို့အပြင် အောက်တိုဘာလခန့်မှစ၍ ကျော်ဇင် (ခ) ကိုကျော် ဦးဆောင်၍ ဉာဏ်ထွန်းအောင်၊ မျိုးသီဟဇော်နှင့် ချမ်းထက်အောင်တို့သည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ဉာဏ်ထွန်းအောင်၏နေအိမ်၌ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများအား ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထွေးထွေးအောင်၊ ကျော်ဇင် (ခ)ကိုကျော်၊ ချစ်သက်ဦး(ခ)သူရ တို့သည် KNLA တပ်မဟာ (၇) နယ်မြေ၌ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့ဝင် စိုးသူရထွန်း နှင့် ချိတ်ဆက်၍ အများပြည်သူ ထိခိုက်နစ်နာစေရန်နှင့် လေယာဉ်များပျံသန်းရာတွင် လေယာဉ်ဆီ အခက်အခဲများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Puma လေယာဉ်ဆီ သိုလှောင်ရုံအား ဒရုန်းဖြင့်ဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း၊ အကြမ်းဖက် ဖောက်ခွဲမှုများ ဆောင်ရွက်ရန် လိုအပ်သော DJI ဒရုန်း တစ်စီးကို ဝယ်ယူရန်အတွက် လိုအပ်သောငွေကြေးများအား စင်ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံအိုင်းရင်း မှ ထုတ်ပေးခဲ့ကြောင်းနှင့် စိုးသူရထွန်း မှ ပို့ဆောင်ပေးမည့် ဖောက်ခွဲရေးအတွက် လိုအပ်သော ယမ်းနှင့်ဆက်စပ်ပစ္စည်းများအား စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း‌ ဖော်ထုတ်သိရှိရသည်။

 

မြောက်ဥက္ကလာ PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု  ငါးကြိမ် ကျူးလွန်ခဲ့ကြောင်း-

 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၁၆) ရပ်ကွက်ရှိ လျှပ်စစ်ရုံးအားလည်းကောင်း။

  • ဖေဖော်ဝါရီလ ၂၁ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်ဝင်းအနီး၌လည်းကောင်း။
  • ဖေဖော်ဝါရီလ ၂၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း အနီး၌ လည်းကောင်း။
  • မတ်လ ၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၄)ရပ်ကွက်၊ ဘော်စင် လမ်းသွယ်(၂)ရှိ အပြစ်မဲ့ပြည်သူ တစ်ဦး၏နေအိမ်အား လည်းကောင်း။
  • မတ်လ ၁၇ ရက်တွင် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ အပြစ်မဲ့ ပြည်သူတစ်ဦး၏ နေအိမ်အားလည်းကောင်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားကြောင်း သိရသည်။