နေပြည်တော်  ၂၄ ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး သီလဝါတွင် ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဆောင်ရွက်ရ မည့် ပဏာမအကြိုလုပ်ငန်းစဉ်များဖြစ်သည့် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ် ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင် ရွက်နိုင်ရန် Notice to Proceed ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့မာရုယာမနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကုမ္ပဏီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုစီမံကိန်းသည် ဂျပန်နိုင်ငံမှ ဦးဆောင်ရင်းနှီးမြှုပ်နှံလျက်ရှိသော သီလဝါအထူးစီးပွားရေးဇုန် (SEZ) အတွက် အရေးပါ သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် မိမိတို့တွင် များစွာတာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ (၅၀ ရာခိုင်နှုန်း) အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရ စတင်တာဝန်ယူ စဉ်ကတည်းက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် Liquified Natural Gas (LNG) ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရသည့် LNG to Power စီမံကိန်းများကို ဆောင်ရွက်ရန် စီမံခဲ့ပါကြောင်း၊ ထိုသို့စီမံရာတွင် ကာလတို၊ ကာလလတ်၊ ကာလ ရှည်စီမံ ကိန်းများအဖြစ် Generation Mix တွင် ထည့်သွင်းစဉ်းစားပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လ၌  မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG to Power စီမံကိန်း (၃)ခုကို Notice to Proceed ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း မဂ္ဂါဝပ် (၉၀၀) ခန့် ထွက်ရှိမည့် LNG to Power စီမံကိန်း (၃) ခုအပါအဝင် အပူစွမ်းအင်စီမံကိန်း(၅)ခုကို ကာလတို စီမံကိန်းများအဖြစ်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ ယခုဆိုလျှင် LNG to Power စီမံကိန်း(၂) ခုမှ ဓာတ်အားစတင်ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါကြောင်း၊ ယခုစီမံကိန်း သည် Notice to proceed ထုတ်ပေးပြီး (၇၂)လအတွင်း ဓာတ်အား စတင်ထုတ်လုပ်နိုင် မည် ဖြစ်ပါကြောင်း။

 

ရေအားလျှပ်စစ်စီမံကိန်းများ၏ သဘောသဘာဝသည် တည်ဆောက်ပြီးစီးရန် အချိန်များစွာ လိုအပ်ခြင်း၊ လက်ရှိထုတ်လုပ်နေသောလုပ်ကွက်များမှ Gas ထုတ်လုပ်နိုင်မှုပမာဏကျဆင်း လာခြင်း၊ လုပ်ကွက်အသစ်များမှလည်း စီးပွားဖြစ် Gas ထုတ်လုပ်နိုင်မှု မရှိသေးခြင်းနှင့် လက်ရှိ LNG ဈေးနှုန်းသည်လည်း ကျဆင်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်တော်ကောင်းမွန်သည့် အချိန်ဖြစ်ခြင်းတို့ကြောင့် LNG တင်သွင်း၍ ဓာတ်အားထုတ်လုပ် ခြင်းသည်သာလျှင် သင့်လျော်သည့် နည်းလမ်းဖြစ်သဖြင့် LNG တင်သွင်း၍ ဓာတ်အား ထုတ်လုပ်ခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် လက်ရှိ Gas အသုံးပြု၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေသည့် ဓာတ်အားပေးစက်ရုံများ၏ နေ့စဉ် Gas လိုအပ်ချက်ပမာဏ ကိုလည်း LNG ဖြင့် ဖြည့်ဆည်းပေးနိုင်မှုတို့ကို ရည်ရွယ်၍ LNG to Power စီမံကိန်း များနှင့် LNG Terminal များကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

 

 LNG Gas ကို မြန်မာနိုင်ငံဒေသအဝှမ်း ဖြန့်ဖြူးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ဖြန့်ကျက်သွယ်တန်း တည်ဆောက်သွားမည့် Gas Pipeline Master Plan တစ်ခုကိုရေးဆွဲပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းအတွက် ဆက်စပ်ဆောင် ရွက်ရမည့် ပဏာမအကြို လုပ်ငန်းစဉ်များဖြစ်သည့် လုပ်ငန်းစီမံ ချက် များရေး ဆွဲ ခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Notice to Proceed ထုတ်ပေးရခြင်းဖြစ်ပြီး၊ ယင်းလုပ်ငန်းများကို ချောချောမွေ့မွေ့နှင့် လျင်မြန်စွာပြီးစီး နိုင်ရေးအတွက်လည်း ဝန်ကြီး ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း စက်စွမ်းအင်အရည်အသွေးပြည့်ဝပြီး ယုံကြည် စိတ်ချရမှုကောင်းအောင်၊  ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်စေလိုပါကြောင်း၊ National Grid System သို့ အချိန်မီ ချိတ်ဆက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည် ဖော်ရာတွင် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ပြီး ကိစ္စအားလုံးအပေါ် အလေးထားဆောင် ရွက်စေလိုပါကြောင်း။

 

 ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဓာတ်အားစနစ် ထိန်းသိမ်းမောင်းနှင်မှုကဏ္ဍနှင့် ဝန်အားစီးဆင်းမှုကဏ္ဍ အတွက် မဟာဗျူဟာကျသော ရန်ကုန်ဒေသတွင် တည်ရှိနေပါ ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ဓာတ်အားကွန်ရက်စနစ် တောင့်တင်းခိုင်မာမှုရှိစေရန်နှင့် ဓာတ်အား ပို့လွှတ်ရေးအပိုင်းတွင် မြန်မာနိုင်ငံအတွင်း အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက်ဖက်တို့တွင် ၅၀၀ ကေဗွီ ဓာတ်အားစနစ် (Union  Grid) များကို တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၃၀ ကေဗွီဓာတ်အားစနစ်များ ကိုလည်း အဆင့်မြှင့်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို  အားသွန်ခွန်စိုက် ဆောင်ရွက် လျက် ရှိပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းကြီးများနှင့် ဓာတ်အားလိုင်းစီမံကိန်းကြီးများပြီးစီးပါက မီးသုံးစွဲသူ ပြည်သူများနှင့် စက်မှုလုပ်ငန်းများကို တည်ငြိမ်ကောင်းမွန်ပြီး ယုံကြည်စိတ်ချရသည့် လျှပ်စစ်ဓာတ် အားဝန်ဆောင်မှုကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ရန်ကုန်တိုင်းဒေသကြီး သီလဝါ တွင် ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် G to G စီမံကိန်း အဖြစ်ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးတို့က စီမံကိန်းအတွက် ထုတ်ပေးသည့် Notice to Proceed အား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ 

 

(သတင်းစဉ်)