ရန်ကုန် ၂၉ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ပုဇွန်တောင်မြို့နယ် ယာဉ်ရပ်နားဝင်း ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ် နံ့သာဖြူလမ်းရှိ ယာဉ်ရပ်နားဝင်းနေရာ၌ ကျင်းပသည်။

 

8747

 

အဆိုပါ ယာဉ်ရပ်နားဝင်းကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကျွန်တော်တို့နိုင်ငံဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ရင်ဆိုင်ကျော်လွှားရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုပြဿနာရပ်တွေဟာ အခွင့်အလမ်းအဖြစ် ပြောင်းလဲလို့ရတဲ့ အခြေအနေမှာ ကျွန်တော်တို့ရှိပါတယ်။ ဘာစိန်ခေါ်မှုမှ မရှိတဲ့နိုင်ငံ၊ အဆင့်တစ်ဆင့်ကို ရောက်နေတဲ့နိုင်ငံမှာ ဘာမှစီးပွားရေးလုပ်စရာ အခွင့်အလမ်းကောင်း မရှိပါဘူး။ လျှပ်စစ်မီး လုံလုံလောက်လောက် မရှိဘူးဆိုရင် လျှပ်စစ်ထုတ်လုပ်ရောင်းချရေးကုမ္ပဏီတွေ မြန်မာနိုင်ငံကို လာတန်းစီနေလို့ရတယ်။ သယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲ ရမယ်ဆို သယ်ယူပို့ဆောင်ရေးစနစ်မှာ ပါဝင်ချင်တဲ့ကုမ္ပဏီတွေ ဒီကဏ္ဍနယ်ပယ်မှာ အသီးသီးက လူတွေလာမယ်။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေအားလုံးဟာ ကျွန်တော်တို့နိုင်ငံရဲ့ အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ ဒီအခွင့်အလမ်းဖြစ်အောင် နိုင်ငံတော်အစိုးရနဲ့ တိုင်းဒေသကြီးတွေကနေ စနစ်တကျ ဖန်တီးပေးနိုင်ဖို့ပဲ လိုပါတယ်။ ဒီလိုဖန်တီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက အစွမ်းကုန်ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သော ယာဉ်ရပ်နားဝင်းသည် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ပထမဆုံး ယာဉ်ရပ်နားဝင်းဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၁ ဒသမ ၇ ဧကကျော် ကျယ်ဝန်းကြောင်း သိရသည်။ 

ယာဉ်ရပ်နားဝင်းအတွင်း မော်တော်ယာဉ်အစင်းရေ ၂၀၀ ကျော် ရပ်နားနိုင်ပြီး မော်တော်ယာဉ် ရေဆေးရန်နေရာများ၊ အသေးစား ပြုပြင်နိုင်သောနေရာများ၊ စီမံခန့်ခွဲရေး ရုံးခန်းအပါအဝင် ယာဉ်လုပ်သားများ အသုံးပြုနိုင်ရန် ကျား/မ ခွဲခြားထားသည့် သန့်စင်ခန်းများ၊ မော်တော်ယာဉ်များ အဝင်အထွက် ပြုလုပ်နိုင်ရန် ဝင်ပေါက်/ထွက်ပေါက်များကို စနစ်တကျ ပြုလုပ်ပေးထားသည်။ 

ယာဉ်ဝင်းအတွက် သီးသန့်လုံခြုံရေးများ ထားရှိပေးထားပြီး စီစီတီဗွီကင်မရာများကိုလည်း ထပ်မံတပ်ဆင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယာဉ်ရပ်နားဝင်းအတွင်း၌ YBS ယာဉ်များ ရပ်နားရန် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း