ရန်ကုန် ၂၂ နိုဝင်ဘာ  

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုက်ကြီးမြို့နယ်ရှိ 33/11 kV, 5MVA ဂျိုးဖြူဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဉီးတင်ရှိန်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

a1

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ 33/11 kV, 5 MVA သိမ်ကုန်းဓာတ်အားခွဲရုံဖွင့်ပွဲသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ခဲ့သော ဓာတ်အားခွဲရုံ (၁၃)ရုံရှိရာ မြောက်ပိုင်းခရိုင်အတွင်း တည်ဆောက်ရန်ဖြစ်သော ဓာတ်အားခွဲရုံ (၆)ရုံအနက် မှော်ဘီမြို့နယ်တွင် 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ရေကျော်ဓာတ်အားခွဲရုံနှင့် ဝါးနက်ချောင်းဓာတ်အားခွဲရုံ (၂) ရုံတို့ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်အတွင်း 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ကျူတောဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံတို့ကိုလည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့တွင် တိုက်ကြီးမြို့နယ်ရှိ 33/11 kV, 5 MVA ဂျိုးဖြူခွဲရုံအား ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ 33/11 kV, 5 MVA သိမ်ကုန်းခွဲရုံအား ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း။

 

a2

 

ယခင်က တိုက်ကြီးမြို့နယ်ရုံး ဓာတ်အားခွဲရုံတစ်ခု တည်းကသာ ဓာတ်အားပို့လွှတ်ပေးခဲ့ရပြီး ယခုကဲ့သို့ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သဖြင့် ကျေးရွာပေါင်း (၁၂)ရွာ၊ အိမ်ထောင်စုပေါင်း (၈၀၀)ကျော်မှာ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်တောက်သည့် အကြိမ်အရေအတွက်၊ ဓာတ်အားပြတ်တောက်သည့် ကြာချိန်တို့လည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ထိ မြောက်ပိုင်းခရိုင်အတွင်း 33/11 kV, 5 MVA ဓာတ်အားခွဲရုံသစ် စုစုပေါင်း(၆) ရုံကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး (၁၀၀)ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ပါ၍ မီးထပ်မံရရှိသွားသည့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစစ ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလွင်စိုးမင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သိမ်ကုန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးလွင်စိုးမင်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖျန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်