ရန်ကုန်  ၅   ဒီဇင်ဘာ 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် USAID-PRLM တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ တရားရုံးစစ်တမ်း ကောက်ယူခြင်းနှင့် ဒေသဆိုင်ရာဆရာဖြစ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် သုံးထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက အဖွင့်အမှာစကား ပြောကြားရာ၌ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၂) မဟာဗျူဟာလုပ်ငန်းနယ်ပယ် ၅ တွင် ထိရောက်သော မှုခင်းစီမံခန့်ခွဲ မှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန် ဖော်ပြထားကြောင်း၊ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို သုံးနှစ်အတွင်း အဆင့်လိုက် အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံး၊ အရှေ့ပိုင်းခရိုင်တရားရုံးနှင့် အဆိုပါခရိုင်(၂)ခုအတွင်းရှိ မြို့နယ် တရားရုံးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် ၁-၁-၂၀၂၀ ရက်နေ့တွင်လည်း ကောင်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိမြို့နယ်တရားရုံး ၇ ရုံးတွင် ၁-၇-၂၀၂၀ ရက်နေ့တွင် လည်းကောင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်တန်း တွင် ပြီးပြတ်သွားသည့် အမှုတွဲများကိုစစ်တမ်းကောက်ယူခြင်း၊ စစ်ဆေးဆဲအမှုတွဲ များကို စစ်တမ်းကောက်ယူခြင်း၊ တရားရုံးအသုံးပြုသူများ၏ စိတ်ကျေနပ်မှုစစ်တမ်း ကောက်ယူခြင်းများကို သင်ကြားပို့ချမည့်အပြင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ဒေသဆိုင် ရာ ဆရာဖြစ်သင်တန်းကိုလည်း ဆက်လက်သင်ကြားပို့ချမည်ဖြစ်၍ သင်တန်းသားများက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တွင် အဓိကအရေးပါသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကောင်းမွန်စွာနားလည်သဘောပေါက်ပြီး အသုံးပြုမည့်ပုံစံများကို မှန်မှန်ကန်ကန် ဖြည့်သွင်းအသုံးပြုနိုင်ရန် ကြိုးစားသင်ယူ သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တရားရေး ဦးစီးမှူး၊ ရုံးအဖွဲ့မှူးနှင့် တရားရေးအရာရှိများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Trainer ၊ Regional Trainer များ၊ USAID-PRLM မှ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသားများအဖြစ် ခရိုင်အဆင့် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)