ရန်ကုန် ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများသည် ဇွန် ၁၅ ရက် မွန်းလွဲပိုင်း၌ မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၁၀)ရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အသက် ၅ နှစ်မှ ၁၂ နှစ်ကြား KG မှ Gread(5) အထိ ကျောင်းသားကျောင်းသူ (၃၆၅)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဝန်သူနာပြုများနှင့် ကူညီဆောင်ရွက်ပေးနေသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ် ဆရာမကြီးထံပေးအပ်ကာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိရေးနှင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် ဆက်စပ်ရောဂါများ မဖြစ်ရအောင် ကြိုတင်ကာကွယ်ထားရှိရေးများနှင့် လိုအပ်သည်များကို မှာကြားသည်။

အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၈၀၀)ကျော်ရှိကြောင်းနှင့် ကျန်ရှိသူများကိုလည်း ကျောင်းဖွင့်ရက်များအတွင်း အားလုံးကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)