ရန်ကုန် ၇ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီက စင်တာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်က ရန်ကုန်မြို့နေပြည်သူများ၏ ကျန်းမာရေးအတွက် မြို့နယ်၊ ရပ်ကွက်များ၏ ဧရိယာအလိုက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နားရက်မရှိ ပင်ပန်းနေပြီဖြစ်၍ ပုဂ္ဂလိကဆေးရုံများနှင့် ပေါင်းစပ်ပြီး NON  COVID လူနာများအား ကုသမှုပေးနိုင်ရေး အကြောင်းအရာများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပြောကြားသည်။

 

ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီး ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ တာဝန်ခံ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင်တို့က အောက်ဆီဂျင်နှင့် လေအေးပေးစက် ထပ်မံတိုးချဲ့မည့် အစီအစဉ်များ၊ လူနာများအတွက် လှူဒါန်းပစ္စည်းပံ့ပိုးမှု အားနည်းလာခြင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လာရောက်လုပ်အားပေးနေကြသော ဆရာဝန်များနှင့် သူနာပြုများ၏ အခြေအနေများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိုန်ဝင်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်တို့က ဓာတ်ခွဲခန်း အပါအဝင် ဆရာဝန်၊ သူနာပြုများနှင့် လူနာများအတွက် အဆောင် ၆ ဆောင် ထပ်မံတည်ဆောက်မည့် အခြေအနေများနှင့် တာဝန်ရှိသူများက အခြားဆောင်ရွက်ထားရှိသည်များကို ရှင်းလင်း တင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဓာတ်ခွဲခန်းအပါအဝင် ဆရာဝန်၊ သူနာပြုများနှင့် လူနာများအတွက် အဆောင် ၆ ဆောင် ထပ်မံတည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လမ်းမတော်မြို့နယ် ဆေးတက္ကသိုလ်(၁)တွင် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ NON COVID လူနာများအား ကုသမှုပေးနိုင်ရေး အကြောင်းအရာများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းဆွေးနွေးခြင်းသို့ တက်ရောက်သည်။

 

ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသော ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများက မိမိတို့ဆေးရုံများတွင် လူနာများအား ရောဂါကုသပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးရေးဝန်ဆောင်မှုပေးနိုင်မည့် အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ပံ့ပိုးပေးရန် အချက်များကို ရှင်းလင်းလင်းတင်ပြကြသည်။

 

ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)