ရန်ကုန် ဒီဇင်ဘာ ၁၆

 

ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦတစ်ခု တည်ဆောက်လျက်ရှိသည်။

 

ထိုသို့ တည်ဆောက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အပိုင်း(၁) လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၂) ဘုရားဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၃) ပြည်သူ့ရင်ပြင်ဘက်ခြမ်း လုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ၂၃ ပေ အကျယ်ရှိ မြေအောက်လမ်းကူး လူသွားဥမင်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦး ဖြတ်သန်းသွားလာနိုင်ပြီး ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီး ၂ စင်း ပါရှိပြီး မကြာမီ ဖွင့်လှစ်နိုင်ရေး အချောသတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)