ရန်ကုန် ၃၀ မေ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး မုခ်ဦးရှေ့၌ မေ ၂၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဦးဆောင်သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်စွမ်းရည် သရုပ်ပြနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် LUF-60 (Robotic Fire Fighting Vehicle) သည် ပိုလန်နိုင်ငံထုတ် ယာဉ်အမျိုးအစားဖြစ်ပြီး စက်သုံးဆီသိုလှောင်ကန်ကြီးများ မီးလောင်မှု၊ ရေနံထွက်ပစ္စည်းထုတ်စက်ရုံ/ အလုပ်ရုံများနှင့် သိုလှောင်ရုံများ မီးလောင်မှု၊ အထပ်မြင့် အဆောက်အအုံများရှိ Basement Car Parking များအတွင်း မီးလောင်မှုများနှင့် လူနေအိမ်အဆောက်အဦ အများအပြား မီးလောင်မှုများတွင် ထိရောက်စွာ ချဉ်းကပ်ငြှိမ်းသတ်နိုင်ခြင်း၊ မီးခိုးငွေ့နှင့် အဆိပ်ငွေ့များ ထူထပ်သိပ်သည်းစွာ ပိတ်မိနေသော မီးလောင်မှုကြီးများတွင် မီးခိုးငွေ့နှင့် အဆိပ်ငွေများကို အလျင်အမြန် ရှင်းလင်းဖယ်ရှားနိုင်ခြင်း၊ အောက်ဆီဂျင် ပြတ်တောက်နေသော နေရာများတွင် အောက်ဆီဂျင်ထည့်သွင်းပေးနိုင်ခြင်း၊ အပူလိုင်းဖြတ်၍ ရာသီဥတုပူပြင်းလွန်းသည့် ကာလများတွင် ရေမှုန်ရေမွှားဖြင့် အအေးပေးပြီး အပူရှိန်လျှော့ချပေးခြင်းအပြင် (၃)တန် အလေးချိန်ရှိ ယာဉ်များကိုလည်း အလွယ်တကူ စွဲထုတ်နိုင်ခြင်း၊ ၆၀၀ ကီလိုဂရမ်အလေးချိန်ရှိ အရာဝတ္ထုပစ္စည်းများကိုပါ အလွယ်တကူ မ,တင် ဖယ်ရှားခြင်းလုပ်ငန်းများကို အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်၍ လျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
၎င်းအဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် LUF-60 (Robotic Fire Fighting Vehicle) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၂၈၄ ဖြင့် အကုန်ကျခံ ဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (မင်္ဂလာဒုံ ပြန်/ဆက်)


