ရန်ကုန်၊ ၂၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနမှ တည်ဆောက်ထားသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဆိုင်ဘုတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းတို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ ဖွင့်လှစ်နိုင်ခြင်း အတွက်ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက အိမ်ရာဖွင့်လှစ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနား တက်ရောက်လာကြသောသူများက အိမ်ရာအဆောက်အဦအား လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ်ရာသည် စတုရန်းပေ ၄၈၀ ရှိပြီး တိုက်ခန်းပေါင်း(၁၄)လုံးနှင့် အိမ်ခန်းပေါင်း(၄၇၆)ခန်း ရှိသည်။ တိုက်တစ်တိုက်လျင် ၈ ခန်းတွဲ ၅ ထပ်တိုက်ဖြစ်ပြီး အခန်း(၃၄)ခန်း ပါဝင်ကြောင်း သိရှိရသည်။
ယင်းတိုက်ခန်းများတွင် ဝန်ထမ်းမျာ၏ လစာပေါ်မှုတည်၍ နိုင်ငံ့ဝန်ထမ်း၊ အရာထမ်းဖြစ်ပါက၊ လစာ၏ ငါးရာခိုင်နှုန်း၊ ဝန်ထမ်းဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန်စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခရိုင်တွင်လည်း ဝန်ထမ်းများအနေဖြင့် နေထိုင်ရေး အခက်အခဲများရှိသည့် ဝန်ထမ်းများအတွက် ခရိုင်လေးခုတွင် ဆက်လက်ဖော်ဆောင်ရန် အကြီးအကဲများ၏ လမ်းညွှန်ချက်များကို ခံယူပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


