ရန်ကုန် ၊ ၆ ဒီဇင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဉီးစီးဌာနတို့ အကောင်အထည်ဖော် ဆောင်ရွက်သည့် Stop Covid Yellow Campaign ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ် ရွိုင်ရယ်လိခ်(ရန်ကုန်)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်သည်။
အဆိုပါ အခမ်းအနားကို ကျင်းပခြင်းမှာ ကိုဗစ်-၁၉ ဖြစ်နေစဉ်ကာလအတွင်း ကျန်းမာဘေးကင်းရေးနှင့် စီးပွားရေးလုပ်ငန်းများလည်း ဟန်ချက်ညီညီ ပုံမှန်ပြန်လည် လည်ပတ်ပြီး ရှေ့ဆက်နိုင်ရန်အတွက် ယခု New Normal လူနေမှု ဘ၀ပုံစံသစ်ကို လက်ခံကျင့်သုံးရမည်ဖြစ်ကြောင်းနှင့် ယခု New Normal, New Living, New Yangon ဆောင်ပုဒ်အတိုင်း Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ အစရှိသည့်အချက်များကို မိမိကိုယ်တိုင်လိုက်နာပြီး ပတ်ဝန်းကျင်မှ တစ်ဉီးကိုယ်တစ်ဉီး အသိပေး၊ သတိပေးခြင်းအားဖြင့် Stop Covid အဝါရောင် ကမ်ပိန်းကို ပါဝင်ကြဖို့ နှိုးဆော်အပ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
Stop Covid Yellow Campaign ဆိုင်းဘုတ်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ချက်ထရီယမ်ဟိုတယ် ရွိင်ရယ်လိခ်(ရန်ကုန်)၌ စိုက်ထူထားသော Stop Covid အဝါရောင် ကမ်ပိန်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေး Stop Covid အဝါရောင် ကမ်ပိန်းပိုစတာများကို ဟိုတယ်အဝင်၌ ကပ်ခဲ့သည်။
ထို့နောက် ချက်ထရီယမ်ဟိုတယ် ရွိင်ရယ်လိခ်(ရန်ကုန်)မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား Stop Covid အဝါရောင် ကမ်ပိန်းအတွက် နှာခေါင်းစည်း (Mask) နှစ်သောင်းကို လှူဒါန်းပေးအပ်ခဲ့သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


