ရန်ကုန် ၂၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန်နှင့် လိုအပ်လာပါက အသုံးပြုနိုင်ရန် မရမ်းကုန်းမြို့နယ် အင်းလျားလိတ် ဟိုတယ်နားရှိ Yangon Convention Center နှင့် သာကေတမြို့နယ်ရှိ Fortune Plaza တို့အား ကြိုတင်ပြင်ဆင် ထားရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝန်ကြီးချုပ်မှ လိုအပ်လာပါက ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မြေပြင်တွင် ဆောင်ရွက်မည့် အခြေအနေများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။
Yangon Convention Center နှင့် Fortune Plaza တို့မှ တာဝန်ရှိသူများက အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးစဥ်ကာလအတွင်း လိုအပ်မည့်သန့်စင်ခန်းများ၊ ရေသုံးစွဲမှု၊ လျှပ်စစ်မီး လုံလောက်စွာရရှိနိုင်အောင် ဖြည့်ဆည်းပေးရမည့် အချက်များကို ဆွေးနွေးတင်ပြရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့က ကဏ္ဍအလိုက် မိမိတို့ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။
ထို့နောက် Fortune Plaza တွင် ခုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံအဖြစ် အခမဲ့ သုံးစွဲခွင့်နှင့် ထားရှိမည့်သူများအတွက် ကြိုတင်ပြင်ဆင်မည့် လိုအပ်ချက်များအတွက် မတည်ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို Excellent Fortune Development Group ဥက္ကဋ္ဌနှင့် Golden Environmental Construction Co.,Ltd. (Fortune Plaza, Myanmar Expo)၏ Managing Director ဦးစိုင်းမျိုးဝင်းမှ လှူဒါန်းခဲ့သည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သူများ ထားရှိမည့်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)