ရန်ကုန် ဇူလိုင် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၂၃ ရက် ညနေပိုင်းက မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ ညောင်နှစ်ပင် ပြည်ထောင်စုခန်းမဆောင်(ညီလာခံ) ပြင်ဆင်ပြီးစီး၍ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်နှစ်ပင် ဥယျာဉ်ခြံ မြေသားလမ်းနှင့် အဆိုပါလမ်းပေါ်ရှိ ပေ ၃၀ ဘေလီတံတားအား လည်းကောင်း၊ ကြာကန်စုကျေးရွာ အဝင်လမ်းပေါ်ရှိ ပေ ၃၀ ဘေလီတံတားအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြေသားလမ်းအား ပွင့်လင်းရာသီတွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး တွက်ချက်တင်ပြရန်နှင့် ကြာကန်စုကျေးရွာ ပေ ၃၀ ဘေလီတံတားအား မူလကွန်ကရစ်လမ်းနှင့်အညီ ပြန်လည်ဖြေညှိ၍ ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ညောင်နှစ်ပင် ပြည်ထောင်စုခန်းမဆောင်(ညီလာခံ)ကြီးအား နံရံများ ဆေးသုတ်ပြီးစီးမှု၊ ညီလာခံခန်းမကြီးအမိုးများ၊ အနော်ရထာရိပ်သာနှင့် ပုဂံရိပ်သာ(၃)ခု၏ အမိုးများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အစည်းအဝေးခန်းမများရှိ ခုံများအား အစဉ်သန့်ရှင်းမှုရှိနေစေရေးနှင့် ရိပ်သာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် M - 7 နှင့် C - 3 လမ်းဆုံ အထယုကျေးရွာရှိ Summit View ကုမ္ပဏီ၏ ဘဲမွေးမြူရေးခြံ (၇)ခြံတွင် ကာကီ(ဗီယက်နမ်) ဘဲအကောင်ရေ (၂၀၀၀၀) မွေးမြူထားရှိမှုအားလည်းကောင်း၊ M - 4 နှင့် C - 2 လမ်းဆုံထောင့်ရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်(၁)တွင် မိုးစပါးအား မျိုးစေ့ချကိရိယာ Seeder ဖြင့် ၂ ဧက စမ်းသပ်စိုက်ပျိုးထားရှိမှုအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)