ရန်ကုန် ဧပြီ ၉

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ခရိုင်ချင်းဆက်လမ်း မိုင်တိုင် ၃၄/၆ အနီး မြေဧရိယာ ဧက(၂၀၀၀)အား တိုက်ကြီးမွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်အတွင်း ရေရရှိရေးအတွက် ရေလှောင်တမံနှင့် ရေလှောင်တမံဘောင်များ ဆောင်ရွက်နေမှု၊ ရေလှောင်တမံမှ ရေကျော်လာမှုကို ထိန်းသိမ်းရန် အပိုတမံနှင့် Box Culvert တည်ဆောက်နေမှု၊ ခရိုင်ချင်းဆက်လမ်းနှင့် ချိတ်ဆက်ထားသည့် မွေးမြူရေးဇုန် C - 1 လမ်းနှင့် C - 3 လမ်း ကွန်ကရစ်ခင်းနေမှု၊ Box Culvert များ တည်ဆောက်နေမှုနှင့် ရှင်းလင်းဆောင် တည်ဆောက်နေမှု လုပ်ငန်းခွင်များအတွင်း လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက ဇုန်အတွင်းလမ်းများ ကွန်ကရစ်ခင်းနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုနှင့် ဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် လုပ်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

 

တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ မွေးမြူရေးဇုန်အား ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍများအလိုက် စနစ်တကျ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဒေသခံမွေးမြူရေးသမားများအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် နိုင်ငံတော်မှ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းဖွင့်ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများကို ဌာနဆိုင်ရာများအချင်းချင်း ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် C - 2 နှင့် C - 4 လမ်း ကွန်ကရစ်ခင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် Box Culvert တည်ဆောက်နေမှုများအား လည်းကောင်း၊ ခရိုင်ချင်းဆက်လမ်း အမှတ်(၁) ကွန်ကရစ်ခင်းနေမှုများနှင့် မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းခွင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးသည့် တိုက်ကြီးမြို့နယ် ဥတိုကျေးရွာအုပ်စု တောင်သူဦးတင်လှ၏ လယ်မြေ ၂ ဧကရှိ မနောသုခ (၂) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)