ရန်ကုန်   နိုဝင်ဘာ  ၁၈

 

 (၇၅) နှစ်မြောက် စိတ်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ကျင်းပသည်။

 

ရှေးဦးစွာ ပြပွဲ၊ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေက ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုကြေးငွေများကို လုပ်ငန်းကော်မတီ အလိုက် တင်ပြရန်၊ ပြပွဲပြိုင်ပွဲနေရာ အခင်းအကျင်းများ အတည်ပြုတင်ပြပေးရန်နှင့် ပန်းဝါသနာရှင် အသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်မည့်အသင်းများကို ကြိုတင်အသိပေး ဖိတ်ခေါ်ထားရန်တို့ကို မှာကြားသည်။

 

ဆက်လက်၍ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူး၊ တွဲဖက်အတွင်းရေးမှူး (၂) စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်းဥက္ကဋ္ဌတို့က ကော်မတီအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်း များကို တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာသောလုပ်ငန်းကော်မတီ များဖြစ်သည့် ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ အကဲဖြတ်နှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကော်မတီတို့မှ  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစ၍ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးခြင်း လုပ်ငန်းများကို အများပြည်သူ စိတ်ပါဝင်စား လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက်ပျိုးရေး အဆင့်မြင့် နည်းပညာများ အများပြည်သူလေ့လာနိုင်စေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်မျိုးကောင်းမျိုးသန့်များ ပြန့်ပွားဖြန့်ဝေပေးနိုင်စေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုးထုတ်လုပ် သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးမှု အထောက်အကူပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ်ထိ ကျင်းပနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွား ခဲ့သော ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကျင်းပမှုရပ်ဆိုင်းခဲ့သည်။ ယခု လာမည့် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိတ်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ် မှုဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၂)ရက်မှ (၈)ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝ ဥယျာဉ်၊ မဟာမြိုင်ကျွန်း၊ ဆင်ဖြူတော်ရုပ်တုများအနီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ၊ ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့်  ပြပွဲ၊ ပြိုင်ပွဲကျင်းပရာတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များ ပိုမိုစုံလင်စွာ ပြိုင်ပွဲဝင်နိုင်ရေး၊ ပိုမိုပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး၊ ပညာပေးအစီအစဉ်များ ပိုမိုဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)