ရန်ကုန်   နိုဝင်ဘာ   ၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ် လက်ရည်စစ် လှေလှော်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် (အင်းယားကန်) တွင် ကျင်းပသည်။

လှေလှော်ပြိုင်ပွဲတွင်အမျိုးသားမီတာ ၂၀၀ ငါးယောက်၊ အမျိုးသမီး မီတာ ၂၀၀ ငါးယောက်၊ အပြည်ပြည်ဆိုင်ရာ လှေတစ်ယောက်လှော် အမျိုးသား မီတာ ၂၀၀၊ အပြည်ပြည်ဆိုင်ရာ လှေ နှစ်ယောက်လှော် အမျိုးသား မီတာ ၂၀၀၊ အမျိုးသား မီတာ ၂၀၀ ခြောက်ယောက်၊ အမျိုးသမီး မီတာ ၂၀၀ ခြောက်ယောက်၊ အပြည်ပြည်ဆိုင်ရာလှေ နှစ်တက်လှော် အမျိုးသား မီတာ ၂၀၀ နှင့် အမျိုးသား မီတာ ၂၀၀ ၁၂ ယောက်လှော်ပြိုင်ပွဲများကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် ဝန်ကြီး များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် အသင်းလိုက် ဆုရရှိသူများကို ဝန်ကြီးများနှင့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြပြီး ဆုအများဆုံး ရရှိသည့်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု ဆုငွေနှင့် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။ ယခုကျင်းပပေးသည့် လှေလှော်ပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် လက်ရွေးစင်သစ်များကို လက်ရည်စစ်ပြိုင်ပွဲ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တောင်ဥက္ကလာပ မြို့နယ် ပဒေသာအားကစားကွင်း လေးထပ်ဆောင်တွင် ကျင်းပသည် ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုရရှိသူ များကို ဆုများပေးအပ်ချီးမြှင့်ပြီး အေရိုးဗစ်သရုပ်ပြမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အားကစားခန်းမများနှင့် အားကစားကွင်း ပြန်လည်မွမ်းမံ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  အားကစားကွင်း သန့်ရှင်းသပ်ရပ်စွာ စောင့်ရှောက်ရေး၊ ၁၀ ရပ်ကွက် ဈေးနှင့် ကစားကွင်းကြားရှိ ခြံစည်း ရိုးပေါ်တွင် သံဆန်ခါ စည်းရိုးထပ်ပိုးကာရံရေး၊ ကစားကွင်းဝင်လမ်း၊ ထွက်လမ်း ပြုပြင်ဖောက်လုပ်ရေး၊ ဘောလုံးပွဲကြည့်စင် တိုးချဲ့ပြုပြင်ရေးတို့ကို ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)