ရန်ကုန် ၃၁ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး ဘဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကကြီးမှူးကျင်းပသည့် “ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ် စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်း”ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။
အဆိုပါ စားပွဲဝိုင်းဇာတ်တိုက်လေ့ကျင့်ခန်းသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၊ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်စာအုပ်မှာ စီမံခန့်ခွဲမှုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေရဲ့ လုပ်ငန်းတာဝန်တွေပါပါတယ်။ အဲဒီတာဝန်တွေအပေါ်မှာ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာရင် ကော်မတီဝင်၊ အဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ရဲ့ကော်မတီအလိုက်၊ ကဏ္ဍအလိုက်ဦးစားပေးကြိုပြင်ဆင် လုပ်ဆောင်ရမယ့်အကြောင်းအရာတွေကို စားပွဲဝိုင်းပေါ်မှာ ဇာတ်တိုက်လေ့ကျင့်တာပါ။ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားတဲ့ အနေအထားမျိုးနဲ့ ထိခိုက်ပျက်စီးမှုတွေအပေါ် ကော်မတီတွေအလိုက် ဘယ်လိုတုံ့ပြန်မျိုးတွေ လုပ်မလဲ ဆိုတာမျိုးတွေပါ။ အဲဒီလို အချိန်မျိုးမှာ အားလုံးပူးပေါင်းပြီး ဟန်ချက်ညီစွာဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် အခုလိုလေ့ကျင့်ရတာဖြစ်ပါတယ်။ တကယ့်မြေပြင်မှာဖြစ်လာနိုင်တဲ့ အခြေအနေမျိုးနဲ့ပေါင်းစပ်ပြီး ဆွေးနွေးလေ့ကျင့်ကြတာပါ” ဟုပြောသည်။
စားပွဲဝိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ပြီးနောက် တိုင်းဒေသကြီး ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် လုပ်ငန်းကော်မတီ အသီးသီးမှဆောင်ရွက်ရမည့် တုံ့ပြန်ရေးနှင့် သက်ဆိုင်သည့်တာဝန်နှင့် ဝတ္တရားများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဘေးန္တရာယ် အရေးပေါ်ဇုန် သုံးဇုန်သတ်မှတ်ကာ ၂၄ နာရီ၊ ၄၈ နာရီ၊ ၇၂ နာရီနှင့် ခုနစ်ရက်အတွင်း တုံ့ပြန်ဆောင်ရွက်ရမည့် အခြေအနေများ၊ ကယ်ဆယ်ရေး၊ သတင်းအချက်အလက်ထုတ်ပြန်ရေးတို့အပါဝင် မြေပြင်အခြေအနေအရ တုံ့ပြန်ဆောင်ရွက်နေမှုများအပေါ် ကော်မတီအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရမည့် အကြောင်းအရာများကို သက်ဆိုင်ရာကော်မတီများအလိုက် ဝိုင်းဖွဲ့ဆွေးနွေးကာ လေ့ကျင့်ဆောင်ရွက်ကြသည်။
ယနေ့ ဇာတ်တိုက်လေ့ကျင့်မှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက အသက်ဆုံးရှုံးမှုလျော့နည်းစွာ တုံ့ပြန်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် UNDP နှင့်ပူးပေါင်းကာ နည်းပညာအကူအညီများရယူပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း စသည့် တိုင်းဒေသကြီးများတွင်လည်းကောင်း၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ နေပြည်တော်တွင်လည်းကောင်း စသည့် စစ်ကိုင်းငလျင်ကြောနှင့် ထိစပ်လျက်ရှိသော ဒေသကြီးခြောက်ခုတို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စီမံကိန်းများချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် လျော့ချရန်နှင့် ဖျက်ဆီးမှု စွမ်းအားကြီးမားသည့် ငလျင်ဖြစ်ပွားပြီးနောက်တွင် ငလျင်ဘေးဒဏ်ခံရသော ပြည်သူများ၏ လူမှု/စီးပွားဘဝများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ထုတ်ဝေခဲ့သည့် “ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်” စာအုပ်မိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပခဲ့သည်။
အဆိုပါတုံ့ပြန်ရေးစီမံချက်ကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်မှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥရောပသမဂ္ဂ၏ ရန်ပုံငွေပံ့ပိုးမှု၊ ကုသသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ နည်းပညာပံ့ပိုးမှုတို့နှင့်အတူ ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေးစီမံကိန်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


