ရန်ကုန် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အထက(ရဲမွန်)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင် စိုက်ပျိုးကြသည်။
တွေ့ဆုံဆွေးနွေး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်၏ ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အထူးဇုန်ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇုန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁)၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


