ရန်ကုန် ၁၆ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်တွင်ကျင်းပရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိကြွယ် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားတွင် သာဓုပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တ ဥဂ္ဂံသဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင် သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော တရားတော်များကိုနာယူကြည်ညိုခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဇနီး ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သံဃာတော်များကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


