ထန်းတပင် ၃၀ ဧပြီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များနှင့် အလှူရှင်များမှ လာရောက်လှူဒါန်းထားသည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြန်လည်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်၊ စိုက်ဘဏ်ထုတ်ချေးငွေများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် နေရာသတ်မှတ်ကာ လုပ်ဆောင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာလ၌ လုံခြုံရေးကဏ္ဍများကို အထူးဂရုပြု ဆောင်ရွက်သွားကြရန်၊ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျတ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေး ကောင်းမွန်စေရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကြက်သွန်(၁)ပိဿာ၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ငါးသေတ္တာ(၁)ဘူးတို့ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၅၉)ဦးနှင့် ရပ်ကျေးစာရေး (၅၉)ဦးတို့အား ပြန်လည်၍ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အလှူရှင်များမှ လာရောက်လှူဒါန်းသည့် နှာခေါင်းစည်းအခု (၂၀)ပါ (၃)ထုပ်စီနှင့် လက်သန့်ဆေးရည် (၁)ဘူးတို့ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)


