ရန်ကုန် နိုဝင်ဘာ ၂၆

 

မြန်မာပြည်၏ စီးပွား‌ရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လူဦးရေ၈သန်းခန့်နေထိုင် လျက်ရှိရာ ပြည်သူတို့၏ နေ့စဉ်စားရေးတွင် လိုအပ်သည့် ဝက်သား၊ ကြက်သားနှင့် ကြက်ဥတို့ ကို စီးပွားဖြစ်မွေးမြူရေးခြံပေါင်း ၁၁၀၀ ကျော်ရှိ အကောင်ရေ ၇၅ သိန်းမှ နေ့စဉ်ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအပြင် တပိုင်တနိုင်မွေးမြူ သူတို့ကလည်း အသားလိုအပ်ချက်ကို ထုတ်လုပ်ပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီးတွင် ဝက်သားနှင့် ကြက်သား၊ ကြက်ဥစားသုံးနိုင်ရန် ခြံပေါင်း ၁၁၄၀ နှင့် တပိုင်တနိုင်မွေးမြူသော ခြံတို့မှ အကောင်ရေ ၇၅ သိန်းမွေးမြူ၍ ခြံများအလိုက် ၃လ-၄လ တစ်ကြိမ် ရန်ကုန် ဈေး ကွက်သို့ တင်ပို့လျက်ရှိသည်။

 

မြို့ပြလူဦးရေနှင့် စားသုံးမှုမမျှတသောကြောင့် တစ်ချိန်တွင်အသားစားသုံးမှုကိုဖြည့် ဆည်းနိုင်ရန် နိုင်ငံတော်ကမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည့်အပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်  ပိုမိုမွေးမြူထုတ်လုပ်နိုင်ရန် နည်းပညာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ပံ့ပိုးပေးလျက်ရှိသည်။ မွေးမြူရေးခြံများ အနေဖြင့် ဆောင်းရာသီတွင် ဖြစ်ပေါ်တတ်သော အာဖရိကဝက်အပြင်ဖျားရောဂါနှင့် အပြင်းစားကြက်ငှက်တုတ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လမ်းညွန်မှုနှင့်အညီ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ အပြင်းစား ကြက်ငှက်တုတ်ကွေးရောဂါဟာ ရာသီချိန်ဆိုတာတော့ မရှိဘူး။ ဒါပေမယ့် ဒီလိုဆောင်းရာသီ အသွားအလာများတဲ့အချိန်မှာ ကူးစက်တတ်ပါတယ်။ လူကိုထိခိုက်မှု မရှိဘူး။ ဖြစ်ရင်တော့ တိရိစ္ဆာန်တွေအထိနာတဲ့အတွက် စီးပွားရေးကိုတော့ ထိခိုက်နိုင်တယ်။ ယခုထိတော့ မတွေ့သေးပါဘူး။  ပြီးတော့ဌာနအနေနဲ့ ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)နဲ့ အခြားချိတ်ဆက်ထားတဲ့ နိုင်ငံတွေနဲ့ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့မှာ ကြက်ဥနဲ့ ကြက်သားစားသုံးမှုလုံလောက်ပါတယ်။ အသားစားသုံးမှု လိုအပ်လာမှာဖြစ်တဲ့အတွက် ဝက်မွေးမြူရေးလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ဌာနအနေနဲ့ မွေးမြူ ရေးတောင်သူတွေကို ဖိတ်ခေါ်ပြီး စီးပွားဖြစ်မွေးမြူသူတွေကိုလည်း နည်းပညာနဲ့ကျန်းမာရေး စောင့်‌ရှောက်မှု ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ တိုးမင်းထွန်းက ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူတို့စားသုံးနိုင်ရန် အသားစားကြက်နှင့် ဥစားကြက် ထုတ်လုပ်မှုသည် လောက်ငှမှုရှိပြီး တစ်နိုင်ငံလုံး၏ ကြက်မွေးမြူရေးအတွက် မွေးမြူရေး ကြက်သားပေါက် ၇၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးမှ ဖြန့်ဖြူးပေးလျက်ရှိသည်။

ဓာတ်ပုံ-ကနူးညိမ်းသူ

(သတင်းစဉ်)