နေပြည်တော် နိုဝင်ဘာ ၇

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု (ခ) ဂျင်မီကို အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ် (၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

ကျော်မင်းယု (ခ) ဂျင်မီသည် တရားခံပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေး လှုံ့ဆော်မှုများပြုလုပ်ခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်တရားရုံးမှ ရာကြီးအမှတ် (၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်သည်။

 

တရားခံ ကျော်မင်းယု (ခ) ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လနှင့် မတ်လအတွင်း အဆိုပါ ပင်လုံအိမ်ရာ နေအိမ်တွင်နေထိုင်၍ ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ ဝါဒဖြန့် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက် တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆောင်ရွက်ရန် ဧပြီလအတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း (ခ) နေခြူး (Sky Age Education)၊ ကိုကိုကြီး (စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော် (ခ) နီကိုလပ်စ်၊ သန်းအောင် (နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည် (ခ) အူနို (နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး (ခ) ဇော်ဝင်းမောင် (၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ) တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း။

 

ကျော်မင်းယု (ခ) ဂျင်မီ ခေါင်းဆောင်သော Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန် ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်ကို မေလတွင် စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများကို ထိတ်လန့် တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီကို ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိက ဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက် တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့ကို တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည်တောင့် ၆၀၀ ၊ ကျည်ကတ် ၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်း လက်နက်/ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင် ခဲ့ကြောင်းသိရှိရသည်။

 

အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ ထို့ကြောင့် ကျော်မင်းယု (ခ) ဂျင်မီ သည် အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုကို အနီးကပ်ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံ အိမ်ရာဝန်းအတွင်း နေထိုင်၍ အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး ၈ ခုကို ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 တွံတေးမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-2 အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3 လှည်းကူးမြို့ နယ်အတွင်း အောက်တိုဘာလ အတွင်း လုပ်ဆောင် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

 

ကျန် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့ကို ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီးများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

 

သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု (ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - က အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်နှင့် ပတ်သက်သော အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေတို့ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများတွင် တရားခံ ကျော်မင်းယု (ခ) ဂျင်မီနှင့် အတူ ပူးပေါင်းပါဝင်ခဲ့ကြသူများနှင့် ပူးပေါင်းကြံစည်ရာ၌ အဓိကပါဝင်ခဲ့သူ NUG/ CRPH/ NUCC အဖွဲ့ဝင်များကိုလည်း တရားဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်ပြီး အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသူများကို လက်ရဖမ်းဆီးနိုင်ရေးအတွက် မိဘ ပြည်သူများမှရရှိသော သတင်းအချက်အလက်များအား သက်ဆိုင်ရာနီးစပ်ရာ လုံခြုံရေး အဖွဲ့အစည်းများထံသို့ ဆက်သွယ်ပေးပို့နိုင်ပါရန် အသိပေးထားကြောင်း သိရသည်။

 

 

သတင်းစဉ်