နေပြည်တော် ဇန်နဝါရီ ၅

 

နိုင်ငံတော် အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ပတ်သက်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ များအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင် ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့မှ ခွင့်ပြန်လာသည့် တပ်မတော် အရာရှိတစ်ဦးသည် မရမ်းကုန်း မြို့နယ် (၂)ရပ်ကွက် အထက်ဗဟို လမ်းရှိ “Apollo” ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ညီဖြစ်သူ၏ မင်္ဂလာပွဲသို့ သွားရောက်ခဲ့ပြီး ညီမဖြစ်သူနှင့်အတူ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစဉ် ဟိုတယ်ရှေ့ အထက်ဗဟိုလမ်းမပေါ်သို့ အရောက်တွင် အကြမ်းဖက် သမားနှစ်ဦးက ပစ္စတိုဖြင့် သုံးချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ တပ်မတော်အရာရှိတွင် ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ညီမဖြစ်သူတွင် ယာခါးရှပ်ထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများ ကြောင့် ဒီဇင်ဘာ ၂၉ ရက် နံနက် ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့က တရားခံ မိုးထက်အောင်(ခ)မိုးထက်(ခ)တိမ်ညို၊ နိုင်ဝင်းလတ်၊ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်နှင့် မိုးထက်အောင် (ခ) မိုးထက်(ခ) တိမ်ညို၏ မိဘများ ဖြစ်သည့် သန်းအောင်၊ ချိုမာလွင်တို့ ငါးဦးအား အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် အင်းစိန်လမ်း ရတနာသိင်္ခဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ စူပါပါဝါ ကိုမွန်လေး ကားဆေးဘော်ဒီရုံ၌ ဒီတိုနေတာ အချောင်း ၅၀၀၊ ယမ်းကြိုး(ပေ ၂၀၀) တစ်ခွေ၊ နိုက်ထရိုကလယ်ဇင်း ၅၀ ကျပ်သား၊ လက်လုပ်ဗုံး တစ်လုံး၊ ယမ်းမှုန့် (ရောစပ်ပြီး) သုံးပိဿာ၊ ပုလဲ ၅၀ ပိဿာ၊ Black Powder ၂၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ရတနာသိင်္ခ ဘုန်းကြီးကျောင်းတိုက်အတွင်း၌ လက်နက်/ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အနန္တ ဂုဏ်ရည်ကျောင်းဆောင် ဒုတိယထပ် အခန်းအတွင်းမှ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၎င်းကျည် ၂၅ တောင့်၊ TNT ယမ်းတောင့် နှစ်တောင့်၊ ဒီတိုနေတာ ၃၅ ချောင်း၊ ပန်းရောင်ယမ်းမှုန့် ၅၀ ကျပ်သား နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော လက်နက်/ ခဲယမ်းများအား ကြည့်မြင်တိုင် မြို့နယ်ကရင်အမျိုးသားရပ်ကွက် ဦးကောင်းလမ်းအမှတ် (၅၂၈) (မြေညီထပ်) အခန်းတွင် နေထိုင်သည့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက် (ခ) အေရွန်နှင့် ဇွန်ပွင့်ဖြူတို့ထံတွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် အဆိုပါနေ့မွန်းလွဲပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ စွမ်းထက် (ခ) အေရွန်၏ မိခင်ဖြစ်သူ ခင်ယုဆွေအား နေအိမ်မီးဖိုခန်းအတွင်းမှ Sig Sauer ပစ္စတိုသေနတ်နှစ်လက်၊ ကျည်အိမ်သုံးခု၊ 9mm Thai Arms ကျည် ၁၅ တောင့်၊ 9mm Luger ကျည် ကိုးတောင့်၊ လက်လုပ်ဗုံး တစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

 

 

ဖမ်းဆီးရမိတရားခံ မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် တရားခံ ထက်အောင်လှိုင်အား အင်းစိန်မြို့နယ် ဗဟိုလမ်း မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံဝင်ပေါက်အနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တရားခံ အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ခုနစ်ဦးတို့အား Sig Sauer ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် သုံးခု၊ 9mm ကျည် ၂၄ တောင့်၊ ပွိုင့် 38 Special အမျိုးအစား ခြောက်လုံးပြူး သေနတ် တစ်လက်၊၎င်းကျည် ၂၅ တောင့်၊ လက်လုပ်ဗုံး နှစ်လုံး၊ TNT ယမ်းတောင့် နှစ်တောင့်၊ ဒီတို နေတာ ၅၃၅ ချောင်း၊ ယမ်းမှုန့်သုံးပိဿာ ၅၀ ကျပ်သား၊ နိုက်ထရို ကလယ်ဇင်း ၅၀ ကျပ်သား၊ ပုလဲ ပိဿာ ၅၀၊ Black Powder ၂၀ ကျပ်သား၊ ယမ်းကြိုး(ပေ ၂၀၀) တစ်ခွေ၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်နှင့် မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညိုတို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် မတ်လခန့်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဝိုင်ချို၊ နေမင်းတို့နှင့်အတူ ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ အနီးတွင် PDF အကြမ်းဖက် သင်တန်းအား သင်တန်းသားအင်အား ၁၇ ဦးဖြင့် ခုနစ်ရက်အားလည်းကောင်း၊ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်သည် ၂၀၂၁ ခုနှစ် ဇွန်လခန့်တွင် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး KNLA တမဟ (၆) နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်(၁)အား သင်တန်းသားအင်အား ၂၀ ဖြင့် ၁၀ ရက်အားလည်းကောင်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ခိုင်မင်းစိုး(ခ)ငြိမ်းခန့်လင်း(ခ)ပါပီလွန်သည် အကြမ်းဖက်သင်တန်းဆင်းပြီးနောက် လူမှုကွန်ရက်မှ တစ်ဆင့် ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန်တရားခံ ခင်လင်းလင်း၏ ချိတ်ဆက်ပေးမှုဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိ နေထိုင်ခဲ့ကြောင်း၊ ဩဂုတ်လခန့်တွင် အကြမ်းဖက်သင်တန်း တက်ရောက်စဉ် ရင်းနှီးခဲ့သူ ဖမ်းဆီးရန်ကျန် တရားခံ အဲရစ် အောင်ငြိမ်းသည် Messenger မှ တစ်ဆင့် ဆက်သွယ်၍ PDF အကြမ်းဖက်အဖွဲ့များအတွက် ထောက်ပို့လုပ်ငန်းများ လုပ်ဆောင်ရာတွင် လာရောက်ကူညီပေးရန် ပြောကြားခဲ့သောကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို နေထိုင်သည့် ရတနာသိင်္ခဘုန်းကြီးကျောင်းဝင်းအတွင်း၌ သွားရောက်နေထိုင်ခဲ့ကြောင်း၊ ယင်းနောက်လူမှု ကွန်ရက် Facebook စာမျက်နှာတွင် “ဆာကူရာ”အမည်ဖြင့် အကောင့်ဖွင့်လှစ်၍ ထောက်ပံ့ငွေများ ကောက်ခံခဲ့ပြီး ရရှိလာသောငွေကြေးများကို အဲရစ်အောင်ငြိမ်းထံသို့ Kpay မှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလခန့်တွင် ယခင် ငွေကြေးထောက်ပံ့ပေးနေသည့် ထိုင်းနိုင်ငံ၌နေထိုင်သူ ဖမ်းဆီးရန်ကျန်တရားခံ ကိုမျိုး (ခ) ဆရာကျောင်း (ခ) ဦးလေးကြီးထံသို့ Telegram မှတစ်ဆင့် ဆက်သွယ်ပြီး ထောက်ပံ့ငွေ တောင်းခံခဲ့ရာ ၎င်းမှအကြမ်းဖက် အဖွဲ့တစ်ခုဖွဲ့စည်းပါက ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောကြား ခဲ့သည့်အတွက် Together Urban Force အမည်ခံ အကြမ်းဖက်အဖွဲ့ အား ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်က ခေါင်းဆောင်၍ မိုးထက်အောင် (ခ )မိုးထက် (ခ) တိမ်ညို၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စွမ်းထက် (ခ) အေရွန်၊ ဇွန်ပွင့်ဖြူတို့ ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

 

Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့သည် ကိုမျိုး (ခ) ဆရာကျောင်း(ခ) ဦးလေးကြီး၏ ခိုင်းစေမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူ များ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက် ဖောက်ခွဲမှု ခြောက်ကြိမ်၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှုနှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက် သမိုင်းလမ်းဆုံရှိ လုံခြုံရေးဘန်ကာအား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ခင်ဇော်ဝင်းနှင့် ထိုက်လင်းတို့ နှစ်ဦးက လက်လုပ်ရီမုတ်မိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ မိုးထက်အောင် (ခ) မိုးထက် (ခ )တိမ်ညို၊ ထက်အောင်လှိုင် တို့ သုံးဦးက အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

 

၂၀၂၄ ခုနှစ် မေ ၆ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား နိုင်ဝင်းလတ် ဖမ်းဆီးရန် ကျန်တရားခံများ ဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ သုံးဦးက လက်လုပ် မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

 

မေ ၁၂ ရက်တွင် အင်းစိန်မြို့နယ် ပေါက်တောဝမီးပွိုင့်ရှိ ဆက်သွယ်ရေး Box အား ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်နှင့် မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို တို့ နှစ်ဦးက လက်လုပ်ရီမုတ် မိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ခင်ဇော်ဝင်းက အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

 

မေ ၃၀ ရက်တွင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းရပ်ကွက် ကောင်းသန့်ထမင်းဆိုင်၌ ရစဖမှူး ဦးစောဝင်းလွင်အား ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ ဖမ်းဆီးရန်ကျန် တရားခံ စွမ်းထက် (ခ) အေရွန်တို့ နှစ်ဦးက ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို က အခြေအနေ စောင့်ကြည့်ပေးခဲ့ပြီး လူထိခိုက်သေဆုံး မှု မရှိခဲ့ကြောင်း။

 

ဇူလိုင် ၈ ရက်တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ အင်းဝဘဏ်အား ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်နှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် စွမ်းထက် (ခ) အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း (ခ) ဘူးသီးတို့ လေးဦးက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

 

ဩဂုတ် ၁၄ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် ဘုန်းကြီးလမ်းရှိ ယာဉ်ထိန်းရုံး (အဟောင်း) အား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စွမ်းထက် (ခ) အေရွန်၊ ဇွန်ပွင့်ဖြူ၊ သူရိန်ဝင်း (ခ) ဘူးသီးတို့ သုံးဦးက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

 

အောက်တိုဘာ ၁၂ ရက်တွင် တာမွေမြို့နယ် ဦးချစ်မောင်လမ်းရှိ 29 ရတနာ ရွှေဆိုင်အား ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စွမ်းထက်(ခ)အေရွန်၊ ဇွန်ပွင့်ဖြူတို့ လေးဦးက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

 

ဒီဇင်ဘာ ၂၂ ရက်တွင် မရမ်း ကုန်းမြို့နယ် (၂) ရပ်ကွက် အထက်ဗဟိုလမ်း အမှတ် (၁၃)ရှိ Apollo Hotel ရှေ့ တွင် တပ်မတော်အရာရှိနှင့် ညီမဖြစ်သူတို့အား မိုးထက်အောင်(ခ) မိုးထက် (ခ) တိမ်ညိုနှင့် ဖမ်းဆီးရန်ကျန် တရားခံ သောကြာ (ခ) ကောင်းဆက်သွေး (ခ) အောင်မြတ်သူတို့ နှစ်ဦးက ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ နိုင်ဝင်းလတ်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စွမ်းထက် (ခ) အေရွန်၊ ဇွန်ပွင့်ဖြူ၊ ဉာဏ်လင်းထက် (ခ) ယဉ်လတ်တို့ ငါးဦးက အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ ခဲယမ်းများအား ဖမ်းဆီးရန်ကျန် တရားခံကိုမျိုး (ခ) ဆရာကျောင်း (ခ) ဦးလေးကြီး က ဖမ်းဆီးရန်ကျန် တရားခံသောကြာ (ခ) ကောင်းဆက်သွေး (ခ) အောင်မြတ်သူနှင့် ချိတ်ဆက်၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးပါက လူမှုကွန်ရက်တွင်တင်၍ ထောက်ပံ့ငွေ တောင်းခံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထား ကြောင်း သိရသည်။

 

သတင်းစဉ်