ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း အထွက်ကောင်းမျိုး ၆၇၁၆၄၀ ဧက၊ အဆင့်မြင့်မျိုး ၂၈၅၀၂ ဧကနှင့် ဒေသမျိုး ၃၀၆၀၆၃ ဧကဖြင့် ၂၀၂၄ ခုနှစ်တွင် မိုးစပါး ၁၀၀၆,၂၀၅ ဧက စိုက်ပျိုးထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် စိုက်ပျိုးခဲ့ပြီး ဇူလိုင်လမိုးများခဲ့သည့်အတွက် ခရိုင်ခုနှစ်ခု၌ မိုးစပါးစိုက်ဧရိယာအချို့ ရေလွှမ်းနစ်မြုပ်မှု အချို့ရှိခဲ့သဖြင့် ပြန်လည်စိုက်ပျိုးမှုများ ဆောင်ရွက်ခဲ့ရသည်။ 
၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၅,၀၀၀ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၁၁၄၈,၂၂၂ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၌ မိုးစပါးရာသီတွင် ရာသီဥတုကြောင့် ထိခိုက်မှုအချို့ရှိခဲ့ရာ မိုးစပါး ၁၁၄၈,၂၂၂ လျာထားခဲ့သော်လည်း ဧက ၁၀၀၆,၂၀၅ သာ စိုက်ပျိုးနိုင်ခဲ့သည်။
မိုးစပါးရာသီတွင် စိုက်ပျိုးသီးနှံများ စံနှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေး၊ အပင်ပြုစုခြင်းနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး၊ အရည်အသွေးကောင်းမွန်ရေးနှင့် အစားအစာအန္တရာယ် ကင်းရှင်းရေးတို့အတွက် GAP စိုက်ပျိုးထုတ်လုပ်ရေးနည်းစနစ်များ၊ ဆွေးနွေးပွဲ၊ သင်တန်းများနှင့် သရုပ်ပြပွဲများကို သီးနှံစိုက်ပျိုးချိန် ကာလအလိုက် စိုက်ပျိုးရေးဦးစီးဌာနမှ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
မိုးစပါးအောင်မြင်ဖြစ်ထွန်းရန် တောင်သူတို့လယ်ကွက်များ၌ သွင်းအားစုအနေဖြင့် မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာများကို ဖြန့်ဖြူးပေးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ၃၃၉၄ တန် ခွဲတန်းရရှိမည်ဖြစ်ပြီး ဇူလိုင်လကုန်အထိ တောင်သူတို့ထံ တန် ၆၈၀ ဖြန့်ဖြူးပေးထားကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ဝမ်းစာဖူလုံမှုရှိစေရန်၊ တောင်သူများ တစ်ဦးချင်းဝင်ငွေ တိုးတက်စေပြီး လူမှုဘဝတိုးတက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်နှင့် လျာထားချက်ထက် တိုးချဲ့စိုက်ပျိုးနိုင်ရန် စပါးစိုက်ပျိုးရေးကဏ္ဍကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အထွက်နှုန်းပိုမို‌ကောင်းမွန်လာစေရန်အတွက် မျိုးကောင်းမျိုးသန့်များကို သွေးသစ်‌လောင်းစိုက်ပျိုးစေခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့်အညီ စိုက်ပျိုးစေခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို အချိန်ကိုက်အချိုးကျသုံးစွဲခြင်း၊ ပိုးမွှားရောဂါများကို ကြိုတင်ကာကွယ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို လိုက်နာကျင့်သုံးခြင်းစသည့် နည်းပညာပေးလုပ်ငန်းများကို တောင်သူတို့လက်ဝယ်အရောက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ‌ဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်းတွင် ခရိုင်ငါးခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၌ ဝယ်ယူကြိတ်ခွဲရောင်းချသူ အစုအဖွဲ့ကုမ္ပဏီ ၃၀ ၊ သမအသင်းစု ခုနစ်စုတို့မှ မိုးစပါးအဆိုပြုဧက ၉၁၀၅၆ ဧကကို ဆောင်ရွက်ရန်လျာထားခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျင် ကျပ် နှစ်သိန်းနှင့် ညီမျှသော သွင်းအားစုများကို ဖြန့်ဖြူးလျက်ရှိကြောင်း၊ ယနေ့အထိ ဝယ်ယူရောင်းချသူ အစုအဖွဲ့ကုမ္ပဏီ ၁၈ ခု၊ သမအသင်းစု ရှစ်စုတို့မှ ကျေးရွာပေါင်း ၁၉၁ ရွာတွင် တောင်သူ ၅၀၁၆ ဦး၏ စိုက်ဧက ၆၀,၃၃၁ အား စာချုပ်ချုပ်ဆို ဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး ညိမ်းသူ (သတင်းစဉ်)