နေပြည်တော်၊ စက်တင်ဘာ - ၆

 

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၅၄ မျိုးအား ရောင်းချ ပေးလျက်ရှိပြီး ၃၂ သိန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

 

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ် (၁၀၄/၁၀၈) နေရာ၌လည်း ၁၆ ရက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၅ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ တွင်းလည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီနှင့် ကြက်ဉများကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်