ရန်ကုန်၊ ၄ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးနင်းခွင့်ပြုထားသော မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံး ဘီးမော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းကို တစ်ရက်လျင်အစီးရေ (၂၀၀) နှုန်းဖြင့် ဇန်နဝါရီ ၂၀ ရက် မှစတင်ကာ ယနေ့အချိန်ထိ အပြောင်းအလဲ မရှိပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှသိရသည်။
"ကျွန်မတို့ရုံးအပါဝင် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်ရုံးတွေမှာလည်း ကနဦးမှတ်ပုံတင် ဆောင်ရွက်ပေးမှုက အခုအချိန်အထိ ဘာမှအပြောင်းအလဲမရှိ ပုံမှန်ဆောင်ရွက်ပေးနေပါတယ်။ ဒါကနိုင်ငံပိုင် သတင်းစာတွေမှာလည်း တရားဝင် ကြေညာပေးထားတယ်ပေါ့၊ အခုအချိန်မှာ ဒီအတိုင်းပဲ ဆောင်ရွက်ပေးနေပါတယ်။ ကျွန်မတို့ရုံးမှာဆိုရင် အများဆုံးကတော့ တစ်ရက်ကို အစီးရေ ၂၀၀ ပေါ့ သက်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးတယ်။ ဒါကိုလာရောက်ပြီး မှတ်ပုံတင်တာက အစီးရေနည်းတဲ့နေ့တွေလည်း ရှိသလိုများတာလည်း ရှိတယ်။ အခုကတော့ အရင်လိုပုံမှန်အတိုင်း ဆောင်ရွက်ပေးနေပါတယ်။ ဘာမှအပြောင်းအလဲ မရှိပါဘူး" ဟု ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန (ကညန)အနေဖြင့် ရုံးသစ်ဖွင့်လှစ်ထားသော သန်လျင်မြို့နယ် ရေကြောင်းတက္ကသိုလ် လမ်းဆုံအနီး ဘုရားကုန်းကျေးရွာရှိ ရန်ကုန်တောင်ပိုင်းခရိုင် က.ည.န ရုံးသစ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် အနေဖြင့်ယနေ့ဆောင်ရွက်ပေးလျက်ရှိသော အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် ကညနရုံးတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပြုထားသော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ တွံတေးစသော မြို့နယ်များပါဝင်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်အနေဖြင့် မှော်ဘီ၊ ထန်းတပင်၊ လှိုင်သာယာ၊ တိုက်ကြီးနှင့် အခြားမြို့နယ်များ ပါဝင်ပြီး ထိုမြို့နယ်များမှ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များကို ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကနဦး မှတ်ပုံတင်မည့်သူများသည် Online Booking System အနေဖြင့် ရက်ချိန်းရယူရန် www.rtad.gov.mm Website တွင် ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ကာ အနည်းဆုံး ၁ ရက်မှ အများဆုံး ၁၀ ရက်အထိ ကြိုတင်ရယူနိုင်ကြောင်း သိရသည်။ RTAD HQ Facebook တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


