နေပြည်တော် ဇွန်   ၁၇  

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးအဆင့် ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူး/ အထူးကုဆရာ ဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီး များက  ဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နေမှု၊ (၂၄)နာရီပတ်လုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေနှင့် အတွင်းလူနာများကုသ‌ပေးနိုင်ရန် ပြင်ဆင်ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လက်ခံကုသနိုင်ရေး၊ ICU ပြင်ဆင် ထားရှိမှုများ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ခွဲစိတ်ခန်းများ ပြင်ဆင်ထားရန် လိုအပ်ချက်များကို အသေးစိတ်တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်ပါကဆေးရုံ အချို့ရှိ ကျန်းမာရေး ဝန်ထမ်းအင်အားများ ပေါင်းစည်းပြီး ဖွင့်လှစ်နိုင်ခြင်းဖြင့် လူနာပိုမို လက်ခံနိုင်ရေးနှင့် ဆေးရုံအင်္ဂါရပ်နှင့်အညီ လူနာများကို ၂၄ နာရီကုသမှုခံယူနိုင်စေရန် ဆောင်ရွက်ထားရေးတို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ အထူး ကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာများ ကုသမှု ခံယူ နိုင်ရန် ပြင်ဆင်ထားရှိမှုကို သွားရောက်စစ်ဆေးကာ အတွင်းလူနာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)