ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ရေပေး ဝေရေး၊ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး၊ မြေနိမ့်ပိုင်းစိုက်ကွင်းများသို့ ရေငန်ဝင်ရောက်မှုမှ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စိုက်ပျိုးမြေဧကပေါင်း ၁၀၁၄၇၇၆ ကို အကျိုးဖြစ်ထွန်းစေမည့်  ရေလှောင်တမံများ၊ ရေဘေးကာကွယ်ရေးနှင့် ရေငန်တား တာတမံများ၊ ရေထိန်းတံခါးနှင့် လျှပ်စစ်မြစ်ရေတင် လုပ်ငန်းတို့ နှစ်စဉ်ပြုပြင် ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ တည်ဆောက်ထားသော ရေလှောင်တမံ ကိုးခု၊ ရေဘေးကာကွယ်ရေးနှင့် ရေငန်တားတမံ ၄၉ ခု၊ ရေထိန်းတံခါး ၁၆၀ နှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၂၂ ခုတို့ ဖြင့် စိုက်ပျိုးရေ လိုအပ်ချိန်တွင် ရေပေးဝေလျက်ရှိပြီး ငမိုးရိပ်ရေလှောင်တမံ၊ တဘူးလှရေလှောင်တမံ၊ ပေါင်းလောင်း ရေလှောင်တမံ၊ မဟူရာရေ လှောင်တမံ၊ လဂွင်းပြင်ရေလှောင်တမံ၊ ဘန့်ဘွေးကုန်းရေ လှောင်တမံ၊ ကလီထော်ရေလှောင်တမံနှင့် တောင်လုံးမြောင် ရေလှောင်တမံတို့မှ အကျိုးပြုဧကပေါင်း ၇၉၀၂၂ ဧက၊ တာတမံ ၄၉ ခုမှ အကျိုးပြုဧကပေါင်း ၃၅၀၁၄၄ဧက၊ ရေနုတ်မြောင်း ၈၉ ခုမှ အကျိုးပြု ဧက ၃၅၇၅၅၀ဧက၊ ရေတံခါး ၁၆၀ ခုမှ အကျိုးပြုဧက ၂၀၃၅၄၂ ဧကနှင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၂၂ ခုမှ အကျိုးပြုဧက ၂၄၅၁၈ တို့ကို စိုက်ပျိုးရေရရှိရန် နှစ်စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

 

mdn

 

စိုက်ပျိုးရေကဏ္ဍတွင် ဆည်ရေကို အကျိုးရှိစွာအသုံးပြုနိုင်ရန် ရေအသုံးချသူ တောင်သူများပါဝင်သော ဆည်ရေစီမံခန့်ခွဲသောစနစ်ကို အကောင်အထည် ဖော်မှုအနေဖြင့် တောင်သူ ၃၀၀၀ ကျော်အား ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းပေးပြီး တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာမှုမှ ပူးပေါင်းပါဝင်သည့် ဆည်မြောင်းစနစ်ကို ထူထောင်ကျင့် သုံးလျက်ရှိသည်။ ဆည်မြောင်းစနစ်ကို အသုံးပြုရာ၌ မြောင်းမကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်ခွဲမြောင်းများမှ တိုက်ရိုက်ရေပေးဝေပြီး လယ်ကြားမြောင်းများ၌ လယ်ရေသောက်ဧရိယာ ဧက ၁၀၀ တွင် ပါဝင်သော တောင်သူဦးရေ ၅၀ အောက် တောင်သူများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
    
ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နွေစပါးနှင့် ဆောင်းသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန် ရေပေးဝေခြင်းနှင့် ရေရရှိရေး လုပ်ငန်းများ၊ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များသို့ သောက်သုံး ရေပေးဝေခြင်းလုပ်ငန်းများ၊ မိုးစပါးနှင့် ဒေသတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းစေရေး လုပ်ငန်းများနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကာ ရေလှောင်တမံ၊ ရေတားတမံ၊ ရေထိန်းတံခါးနှင့် မြစ်ရေတင်လုပ်ငန်းများ  ထိန်းသိမ်းပြုပြင်မှုတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 ဓာတ်ပုံ - ကနူး
ညိမ်းသူ ( သတင်းစဉ် )