ရန်ကုန် ၃၀ ဧပြီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။
ယခုလှူဒါန်းသည့် ကာကွယ်ရေးပစ္စည်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ရှိ ကိုဗစ်-၁၉ ကျန်းမာရေးစင်တာတွင် အသုံးပြုမည်ဖြစ်ပြီး အခြားလိုအပ်လျက်ရှိသည့် နေရာများသို့လည်း ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းမှုအတွက် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ တစ်ဦးချင်းအလှူရှင်များ စုစုပေါင်း ၂၄ ဦးတို့မှ ကျပ်သိန်း (၁၀၀၀) တန်ဖိုးရှိ စားနပ်ရိက္ခာများ၊ သိန်း ၆၈၀ တန်ဖိုးရှိ ဆန်တန် (၅၀)၊ နှာခေါင်းစည်း (၂၂၅၀၀၀)၊ ကာကွယ်ရေးဝတ်စုံ (၃၇၃၀)၊ လေအေးပေးစက် (၁၀)လုံးနှင့် ရေထုတ်စက် (၁၀)လုံး အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ တန်ဖိုး ကျပ် ၂၈၇၂၈၃၄၇၆ နှင့်(ဖောင်ကြီး) ကျန်းမာရေးစင်တာရှိ ဝန်ထမ်းများ ကျွေးမွေးစရိတ်အဖြစ် ကျပ်သိန်း(၁၀၀၀)၊ စောင့်ကြည့်လူနာ ၆၀၀၀ ဦးအတွက် စားစရိတ် အလှူငွေကျပ် သိန်း ၃၀၀ အပါအဝင် လှူဒါန်းရရှိငွေ ကျပ်သိန်း ၂၉၀၀ တို့အား လာရောက်လှူဒါန်းကြရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူပေးခဲ့ကြသည်။
ယခုလှူဒါန်းမှုအနေဖြင့် ငွေကျပ် သိန်း ၂၉၀၀၊ ပစ္စည်းတန်ဖိုးပေါင်း ငွေကျပ် သိန်း ၂၈၇၂၈၃၄၇၆ (ငွေသား+ပစ္စည်း) စုစုပေါင်းတန်ဖိုးကျပ်သိန်း ၅၇၇၂၈၃၄၇၆ တို့ ရရှိခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


