နေပြည်တော် ဇူလိုင် ၂၇
ပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ အနုသုခုမပညာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး နိုင်ငံတော်၏ အနုပညာကဏ္ဍ တိုးတက်အောင် လုပ်ဆောင်နေကြသည့် အနုပညာရှင်များအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အလုပ်အကိုင် ရှားပါးလျက်ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များကို ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲဖြစ် ပေါ်လျက်ရှိသည့် သက်ကြီး ဂီတပညာရှင် ၃၁ ဦးတို့အတွက်တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ၊ ကြက်ဥ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ယမန်နေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ က ဂီတပညာရှင် တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ကြီး ဂီတပညာရှင်များက ဝမ်းပန်းတသာ လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။
အဆိုပါ သက်ကြီးဂီတပညာရှင်များအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေ နှင့် စားသောက်ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၃၃၅ သိန်းကျော် ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်