ရန်ကုန် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး အတွင်း လက်လီဆိုင် ၅၈ ဆိုင်မှ ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ ဖြင့် ဆန်ရောင်းချပေးလျက်ရှိသဖြင့် လိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က မေ ၃၁ ရက်တွင် အသိပေးထားသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ အလုံ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံနှင့် အင်းစိန်မြိုနယ်တို့ရှိ ဆန်ဆိုင် လက်လီဆန်ဆိုင် ၅၈ ဆိုင်မှ ဆန်တစ်ပြည် ကျပ် ၃၀၀၀ ဖြင့် ဧည့်မထဆန်ရောင်းချပေးခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးခြင်းမှာ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ ရောင်းချပေးခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ရေးသားထားချက်အရ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်း၏ ဦးဆောင်စီစဉ်မှု၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ကုန်စည်ဒိုင်များ၊ ပိုကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှစ၍ စားသုံးသူများထံသို ဝယ်ယူသူ တစ်ဦးလျှင် Reasonable Well Milled 15% White Rice ဆန်(၂)ပြည်နှုန်းကို တစ်ပြည်လျှင် ကျပ် ၃၃၀၀ နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်၌ အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း အလားတူ အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရန် ညှိနှိင်းစီစဉ်လျက်ရှိကြောင်းလည်း ပါရှိသည်။ ထိုအပြင် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လိုအပ်ချက်များရှိပါက ကုန်စည်ဒိုင်များနှင့် အသင်းချုပ်သို့ တိုက်ရိုက်ဆက်သွယ်တင်ပြ ဝယ်ယူနိုင်သည်ဟုလည်း ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MT