ရန်ကုန် ၂၉ ဧပြီ
ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လွှတ်တော်ကိ်ုယ်စားလှယ်များနှင့် စေတနာရှင်ပြည်သူများပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်သည့် အရည်အသွေးမီ နှာခေါင်းစည်းများကို ချုပ်လုပ်လှူဒါန်းလျက်ရှိကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ထံမှသိရသည်။
ထိုသို့ လှူဒါန်းမှုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် စေတနာရှင် ပြည်သူတို့၏ အလှူငွေများဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အရည်အသွေးပြည့်မီရေးအတွက် ချုပ်လုပ်မှုအပိုင်းကို လှိုင်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ AW Garment မှ အခမဲ့ချုပ်လုပ်ပေးကြောင်း သိရသည်။
လှူဒါန်းမှုအနေဖြင့် လက်ရှိကာလတွင် လှိုင်မြို့နယ်အတွင်း လူအများနှင့်ထိတွေ့ မှုရှိနိုင်သည့် အနှေးယာဉ်လုပ်သားများ၊ ဈေးများအတွင်း၌ ဈေးရောင်းချနေသူများနှင့် YBS ကားမှတ်တိုင်များရှိ ခရီးသည်များကို အဓိကထားလှူဒါန်းလျက်ရှိပြီး ဆက်သွယ်လာမှုအရ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများကို လည်းလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အလားတူ အဆိုပါမြို့နယ်အတွင်း၌ လွှတ်တော်က်ိုယ်စားလှယ်များနှင့် စေတနာရှင် ပြည်သူများပူးပေါင်းကာ ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အခြေခံလူတန်းစားများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခြင်း အစီအစဉ်များကို လည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


