ရန်ကုန်၊ ၁၉ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သောနေရာများကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီက သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား နေအိမ်တွင် နေထိုင်ကြရန် သတ်မှတ်ထားသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိဘဲ ပြင်ပ၌ သွားလာနေကြကြောင်း သိရသည်။
ထိုသို့ သွားလာနေခြင်းအား လိုအပ်သော သတိပေးစစ်ဆေး တင်းကျပ်မှုများ ဆောင်ရွက်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက သက်ဆိုင်ရာအဖွဲ တိုင်းဒေသကြီး အဖွဲ့အစည်းများထံ အကြောင်းကြားထားသည့်အတွက် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက် ကာလများအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် အများပြည်သူစုဝေးတတ်သော နေရာများ ဖြစ်သည့် ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းလျားကန်ပေါင်၊ ပန်းခြံနှင့် ကစားကွင်းများအားလုံးကို ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်သည် နေအိမ်တွင်နေထိုင်ခြင်းအစီအစဉ်၌ ပါဝင်နေ ပြီး လှည်းတန်းလမ်းတစ်လျှောက်နှင့် အင်းစိန်လမ်းမတို့တွင် ညနေပိုင်း လမ်းဘေးဈေးသည်များ များပြားနေသည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စည်းကမ်းသတ်မှတ်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း


