ရန်ကုန်၊ ၅ ဇန်နဝါရီ

 

ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးနောက် stay at home ကာလများတွင် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အတွင်း အဆင်ပြေစွာ ဆေးခန်းပြသနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းများကို ဖွင့်လှစ်ထားရှိခြင်း ဖြစ်သည်။

 

ယခုအခါ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ လျော့နည်းလာမှုကြောင့် လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းများသို့ လာရောက်ပြသသည့် လူနာအရေအတွက် လျော့နည်းသွားပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တစ်ရက်လျှင် လူနာ (၃၀) (၄၀) ဝန်းကျင် လာရောက်ပြသပြီး ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် (၁၀)ဦးဝန်းကျင်သာရှိကြောင်း လူထုအခြေပြု ဖျားနာလူနာကုဆေးခန်းများကွန်ရက်(ရန်ကုန်) တာဝန်ခံ ဒေါက်တာကျော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

 

ထို့ပြင် လာရောက်ပြသသည့် လူနာအရေအတွက် နည်းလာမှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖုန်းဆက်မေးမြန်းမှုများလည်း လျော့နည်းလာသည်။ ယခင်က တစ်ရက်လျှင် ဖုန်းဖြင့် အကြိမ် ၃၀၀ ဝန်းကျင် မေးမြန်းရာမှ ယခုအခါ တစ်ရက်လျှင် ၁၀ ကြိမ်ခန့်သာရှိသည်။ လာရောက်ပြသသည့် လူနာအရေအတွက် ၁၀ ဦးတွင် ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြစ်သည့် ဖျားနာ၊ ချောင်းဆိုးမောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ အနံ့ပျောက်လက္ခဏာများ တွေ့ရပြီး လာရောက်ပြသသည့် လူနာများမှာ အသက် (၃၀) (၄၀) ဝန်းကျင်ရှိ လူလတ်ပိုင်းအရွယ်များသာ ဖြစ်ကြောင်း တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်း ၃၁ ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လာရောက်ပြသသည့် လူနာနည်းပါးလာခြင်းနှင့် အခြားအကြောင်းအရာများကြောင့် အချို့မြို့နယ်များတွင် ဆေးခန်းများပိတ်ထားသည်။ လက်ရှိတွင် ဆေးခန်း ၂၉ ခုကို ဖွင့်လှစ်ထားပြီး သတ်မှတ်ရက်နှင့် အချိန်များတွင် ပုံမှန်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်သူရ