ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ငါးနှစ်တာစီမံကိန်း ရေးဆွဲဆောင်ရွက်လျက်ရှိရာ စီမံကိန်းပထမနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးဧက ဧက ၁,၁၆၄,၅၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးစိုက်ဧက ဧက ၁,၁၆၄,၅၀၀ စိုက်ပျိုးရန် လျာထားသည့်အနက်မှ တိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးသော မြို့နယ်ပေါင်း(၁၇)မြို့နယ်၌ အထွက်ကောင်း မျိုး(၄) မျိုးနှင့် ဒေသမျိုး (၄)မျိုးကို ဧက ၃၃၂၃၃၀ တွင် စိုက်ပျိုးထားရှိပြီး ကျန်သောဧက ၈၄၁၁၇၀ တွင် မျိုးကြဲစပါးနှင့် ပျိုးထောင်စပါး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက် တောင်သူများ စိုက်ပျိုးထားရှိပြီးသည့် ဧက ၃၃၂၃၃၀ တွင် မနောသုခ၊ သီးထပ်ရင်၊ မှော်ဘီ(၂)၊ ဧရာမင်း၊ ရွှေဝါထွန်း စသည့် အထွက်နှုန်း ကောင်းသော စပါးဧက ၁၂၆၅၅၀ ဧကနှင့် ငစိန်၊ ပေါ်ဆန်း၊ ကောက်ညှင်း၊ တောင်ပျံငကျွဲ၊ ဘေးကျားကြီး၊ ဘေးကျားလေး၊ ခွံနီ၊ တောင်ပျံ စသည့် ဒေသမျိုးစပါး ဧက ၂၀၅၇၈၀ ဧက စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အထွက်နှုန်းကောင်း မိုးစပါး တစ်ဧကလျှင် တင်း(၈၀)အထိ၊ ဒေသမျိုးစပါး တစ်ဧကလျှင် (၆၈) တင်းအထိ ထွက်လေ့ရှိသော်လည်း စိုက်ပျိုးမြေနှင့် ရာသီဥတု ပေါ်မူတည်ကာ စပါးအထွက်နှုန်း ပြောင်းလဲလေ့ရှိပြီး ယခုနှစ် စပါးစိုက် တောင်သူများ သည် ဓာတ်မြေဩဇာ ဝယ်ယူသုံးစွဲမှုလည်း အဆင်ပြေမှုရှိသဖြင့် မိုးဦးကာလ စပါး စိုက်ပျိုးမှု အောင်မြင်မှုရှိကြောင်း သိရသည်။
ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မိုးစပါးတင်းပေါင်း ၇၉၅၂၁၁၄၃ တင်း ထွက်ရှိခဲ့ပြီး အထွက်နှုန်းကောင်းစပါးတင်း (၁၀၀)လျှင် ကျပ်(၇)သိန်းမှ (၇)သိန်းခွဲ အထိ၊ ဒေသမျိုးစပါးတင်း (၁၀၀)လျှင် ကျပ်(၉)သိန်းမှ(၁၀)သိန်းအထိ ဈေးရရှိခဲ့သည့် အတွက် မိုးစပါးစိုက်တောင်သူများ အဆင်ပြေခဲ့သည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ် )