ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်အတော်များများတွင် အပူရှိန်ပြင်းထန်နေရာမှ ပထမဆုံးအကြိမ်အဖြစ် နေရာကွက်ကျား မိုးထစ်ချုံးရွာသွန်းခဲ့သည်။ ယခင်နေ့များက မိုးရွာသွန်းမှုရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်အချို့တွင်သာဖြစ်ကာ ယနေ့ မေ ၁၁ ရက်တွင် ရွာသွန်းမှုမှာမူ မိုးရွာသွန်းမှု ပိုမိုများပြားပြီး ယခင်ရက်များထက်လည်း မိုးရေချိန်များခဲ့ခြင်း ဖြစ်သည်။
"ဘာကြောင့်ရွာလဲဆိုတော့ ထူးထူးခြားခြားဖြစ်စဉ်တော့မရှိပါဘူး။ မိုးတိမ်တောင်တွေတက်ပြီးတော့ရွာတဲ့သဘောပေါ့။ တိမ်တိုက်တွေကတော့ အရှေ့ဘက်ကလာတဲ့သဘောပါ" ဟု မိုးလေဝသနှင့်နှင့်ဇလဗေဒ ဦးစီးဌာနမှ ပြောရေဆိုခွင့်ရှိသူဦးလှထွန်း ကပြောသည်။
အဆိုပါ မိုးရွာသွန်မှုမှာ မိုးတွင်းကာလကဲ့သို့ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး မိုးရွာသွန်းသည့် မြို့နယ်များထဲတွင် ရန်ကုန်မြို့တွင်းမြို့နယ်များသာမက အင်းစိန်မြို့နယ်၊ ဗဟန်းမြို့နယ် စသည်ဖြင့် အခြားမြို့နယ်များလည်း ပါဝင်ခဲ့သည်။
"မိုးရွာပြီး အေးသွားတယ်။ အပူဒဏ်သက်သာသွားတာပေါ့။ မိုးလည်း ခြိမ်းတယ်။ လျှပ်စီးလက်တာမျိုးလည်းဖြစ်တယ်။ တစ်နာရီကျော်ကျော်လောက်ကောင်းကောင်းရွာခဲ့တာပါ။ ဒီလိုမိုးမရွာတာကြာပြီ။ ရန်ကုန်က လူတွေမိုးကိုမျှော်နေကြတာ" ဟု ပုဇွန်တောင်မြို့နယ်တွင်နေထိုင်သူ ကိုပြည့်စုံက ဆိုသည်။
မေ ၁၂ ရက်တွင်လည်း မိုးရွာသွန်းနိုင်သေးကာ မုတ်သုန်မဝင်သေးသည့် အတွက်မိုးရွာသွန်းမှုမမှန်ခြင်း ဖြစ်ပြီးကွက်ကြားမိုးကြီးခြင်းဟုပြောနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဆိုသည်။
မေ (၁၁) ရက်မှ (၂၁) ရက်အထိခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
Thit Taw


